ရွှေဖီမြေ၊ ဇူလိုင် ၂ ရက်၊ ပေါက်
မကွေးတိုင်း ပေါက်နဲ့ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုအတွင်း ဒေသခံ ၆ ဦးကို သတ်ဖြတ်သွားပြီး ကျေးရွာ ၁၆ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားချင်းစာနာဌာန ထုတ်ပြန်ချက်နဲ့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်က မြိုင်မြို့နယ် ပခုက္ကူ တပ်မ ၁၀၁ ကနေ ထွက်လာတဲ့ အင်အား ၅၀၀ နီးပါးဟာ ပေါက်မြို့နယ်ထဲ စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းက ကျေးရွာ ၁၆ ရွာက ဒေသခံတွေ နီးစပ်ရာရွာနဲ့ တောတောင်တွေမှာ ယာယီ စစ်ရှောင်နေကြရပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာ ၁၆ ရွာမှာ အိမ်ထောင်စု ၂,၀၆၄ စု၊ အမျိုးသား ၄,၇၈၃ ဦးနဲ့ အမျိုးသမီး ၅,၃၈၈ ဦး စုစုပေါင်း လူဦးရေ ၁၀,၁၇၁ ဦးအတွက် စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ ပေါက်မြို့နယ်က လူမှုရေးရာအလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
ဒါ့အပြင် မြိုင်မြို့နယ်ထဲ စစ်ကြောင်း ထိုးနေချိန် သာစည်ရွာက အသက် ၆၁ နှစ်အရွယ် ဦးဝင်းရွှေ၊ နှမ်းဆီကန်ရွာက ၅၆ နှစ်အရွယ် ဦးမြင့်ဦး၊ မြေရင့်ရွာက စိတ်ကျန်းမာရေး ချို့ယွင်းသူ ၄၀ နှစ်အရွယ် ကိုကျော်လွင်၊ မိတ္ထီလာရွာက ၃၂ နှစ်အရွယ် ကိုနေဇော်နဲ့ ၃၃ နှစ်အရွယ် ကိုမင်းမင်းဦးတို့ကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ စစ်တပ်ရဲ့ စစ်ကြောင်း ထိုးနေချိန်မှာ မြစ်ခြေမြို့ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် မြစ်ခြေမြို့က ဒေသခံတွေကိုလည်း သတ်ဖြတ်သွားပါတယ်။
#ဓာတ်ပုံ– အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း- မြိုင်
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။