ပို့လဘား၊ ဇွန်လ ၃၀ ရက်၊ မူဆယ်
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ရှမ်းမြောက် မူဆယ်မြို့မှာ တရုတ်နိုင်ငံဘက်က ခြံစည်းရိုး နယ်နိမိတ်အဖြစ် စိုက်ထူနေတဲ့ တရုတ်အလံတိုင်တွေဟာ မြို့နားအထိ ရောက်ရှိလာနေပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
တရုတ်အလံတိုင်ဟာ မူဆယ်မြို့ထဲက မင်္ဂလာမူဆယ်ဈေးအနားရှိ ဘောလုံးကွင်းအထိ ရောက်ရှိလာပြီဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ရွှေလီမြစ်ကမ်းအနီးဆို မြန်မာဘက်ခြမ်းမှာ ပါတယ်လေ။ အရင်က ဘောလုံးကွင်းအောက်နားမှာပဲ သူတို့အလံ စိုက်ထားတာ။ ဒီနှစ်က သူတို့ အဲဒီဘောလုံးကွင်းကနေ ၁ မိုင်လောက် အရှေ့ဘက် တိုးလာပြီး နောက်ထပ်အလံတိုင်တစ်ခု ထပ်စိုက်တယ်။ အဲဒီဘောလုံးကွင်းက ကျနော်တို့ ဘောလုံးခဏခဏ သွားကန်တဲ့နေရာပဲလေ။ တရုတ်တွေက သူတို့နယ်မြေယူမယ့်နေရာတွေဆို အလံ အရင်စိုက်ထားတယ်”
မူဆယ်မြို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့နေရာတွေမှာ တရုတ်က နယ်စပ်ခြံစည်းရိုးတစ်လျှောက် အလံတိုင်တွေကို အရင်လာရောက်စိုက်ထူပြီးမှ ခြံစည်းရိုး တည်ဆောက်တာလို့ အဆိုပါအမျိုးသားက ဆက်ပြောပါတယ်။
တရုတ်ဘက်က နယ်စပ်ခြံစည်းရိုးအသစ် ကျုးကျော်လာတဲ့နေရာတွေဟာ တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့အပြင် ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)နဲ့ UWSA ထိန်းချုပ်ထားတဲ့ နမ့်တစ်(မန်ခါး)တို့ ဖြစ်ပါတယ်။
လက်ရှိ တရုတ်ဘက်က ခြံစည်းရိုး ကျူးကျော်ကာ ဆက်တိုက် တည်ဆောက်နေတာတွေကို လူမှုကွန်ရက်ကနေတဆင့်လည်း ဒေသခံတွေ ဖြန့်ဝေနေကြပေမဲ့ စစ်ကောင်စီအပါအဝင် MNDAA နဲ့ UWSA ဘက်က တစ်စုံတစ်ရာ တုန့်ပြန်ထားတာ မရှိသေးပါဘူး။
ဒါ့အပြင် တရုတ်ဘက်က နယ်စပ်ခြံစည်းရိုး ကျုးကျော်လာတဲ့အကြောင်းကိုလည်း သတင်းမရေးသားဖို့ စစ်ကောင်စီဘက်က ပြည်တွင်းပြည်ပရှိ မီဒီယာတွေကို သတိပေး ပြောဆိုထားတာတွေလည်း ရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။