အလင်း၊ ဇွန်လ ၃၀ ရက်၊ မင်းတပ်
ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲ မနေ့ ဇွန်လ ၂၉ ရက်က စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၁၀ နှစ်အောက် မိန်းကလေးငယ် ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
မနေ့မနက်အစောပိုင်းမှာ မင်းတပ်မြို့နယ် တိုက်နယ် (၄)အတွင်းရှိ အရပ်သားတွေ နေထိုင်တဲ့ ရှိမ်းရွာကို တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
“ဗုံးကြဲတိုက်ခိုက်တဲ့နေရာက ဘာတိုက်ပွဲမှ မရှိဘူး။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့လည်း အရမ်းဝေးတယ်” လို့ မင်းတပ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် ဗုံးသီးတွေဟာ လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၀ နှစ်အောက် မိန်းကလေးငယ် ၃ ဦး နေရာမှာတင် သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် တခြားအရပ်သားတချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“သေဆုံးတဲ့သူတွေက မိန်းကလေးငယ်တွေချည်းပဲ။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ အသေးအစိတ်ကိုတော့ မသိရသေးဘူး” လို့ မင်းတပ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
လေကြောင်း တိုက်ခိုက်ခံရတဲ့ ရှိမ်းရွာဟာ ပြီးခဲ့တဲ့ မေလကလည်း လေကြောင်း တိုက်ခိုက်မှု ခံခဲ့ရဖူးတဲ့ရွာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။