ရွှေဖီမြေ၊ ဇွန်လ ၂၇ ရက်၊ နမ့်ဟွယ်
ရှမ်းမြောက် မူဆယ်မြို့နယ် အောက်နမ့်ဟွယ်ရွာရှိ ကျေးရွာပိုင်ဘုံမြေနဲ့ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာခံအချင်းချင်းကြား အငြင်းပွားမှု ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။
၁၀၅ မိုင်ကနေ ကြူကုတ်(ပန်ဆိုင်း)ဘက်သွားတဲ့ လမ်းမကြီးဘေးမှာရှိတဲ့ အောက်နမ့်ဟွယ်ရွာက ကျေးရွာပိုင်ဘုံမြေကို ကျေးရွာခံတွေက ကျောက်ထုတ်လုပ်ငန်း လုပ်ဆောင်ဖို့ ပြင်ဆင်နေချိန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးက အဲဒီမြေဟာ ၎င်းပိုင်ဆိုင်ထားတဲ့မြေ ဖြစ်တယ်ဆိုပြီး ပြောဆိုနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ကျေးရွာအတွက် တခြားဝင်ငွေ ရရှိအောင်ဆိုပြီး စုပေါင်းကျောက်ဆောင် ထုတ်လုပ်ဖို့ ပြောတဲ့အချိန်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးက အဲနေရာက သူပိုင်ပါတယ်ဆိုပြီး လာပြောတယ်။ ကျေးရွာရပ်မိရပ်ဖတွေက သူပိုင်တဲ့မြေ မဟုတ်ဘူး ကျေးရွာပိုင်ဘုံမြေ ဖြစ်တာတဲ့။ မင်းတို့လုပ်ချင်ရင် လုပ်လို့ရတယ်။ ဒါပေမဲ့ ကျေးရွာအတွက်တော့ ရန်ပုံငွေ ထည့်ရမယ်။ ပြီးတော့ ကျေးရွာမှာရှိတဲ့ လူတွေကလည်း အဲဒီ စုပေါင်းကျောက်ဆောင်လုပ်ငန်းလုပ်ဖို့ ရှယ်ယာ ပါဝင်လုပ်ချင်သူလည်း ပါဝင်ခွင့်ရှိတယ်။ အားလုံးညီတူညီမျှ ခံစားခွင့်ရအောင်ဆိုပြီးတော့ ပြောထားတာပေါ့နော် “
အောက်နမ့်ဟွယ်ရွာမှာရှိတဲ့ ဒေသခံအားလုံး ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်မှာ အစည်းအဝေး လုပ်ဆောင်ခဲ့ပြီး အဲဒီကျေးရွာပိုင်ဘုံမြေကို ကျေးရွာအတွက်ဆိုပြီးတော့ ကျောက်ထုတ်လုပ်ငန်း လုပ်ဆောင်ကြောင်း ကျေးရွာလူထုတွေက သဘောတူခဲ့တယ်လို့ ပြောပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးကတော့ ကျေးရွာပိုင်ဘုံမြေကို ၎င်းပိုင်ဆိုင်တဲ့မြေလို့ ပြောဆိုနေတဲ့အပြင် ရပ်ရေးရွာရေး လုပ်ကိုင်နေတဲ့ လူငယ် ၅ ဦးကိုလည်း တရားစွဲဖို့ လုပ်ဆောင်နေကြောင်း နောက်ထပ် အမျိုးသားတစ်ဦးက ပြောပါတယ်။
“ကျေးရွာလူထုတွေက အဲမြေ သူ့မြေမဟုတ်ဘူး ပြောတဲ့အတွက် ရပ်ရေးရွာရေး လုပ်နေတဲ့ လူငယ် ၅ ဦးကို တရားစွဲဖို့ မဟာမိတ် ဆက်ဆံရေးရုံးမှာ သူစာတင်ထားတယ်။ ဒီလုပ်ငန်းကို လုပ်ဆောင်ဖို့ လှုံ့ဆော်တဲ့သူဆိုပြီး အဲဒီလူငယ် ၅ ဦးရဲ့နာမည်ကို ရွေးထုတ်ပြီးတော့ တရားရုံးမှာ ရင်ဆိုင်ဖို့ ပြောထားတယ်။ မဟာမိတ်အုပ်ချုပ်ရေးကော်မတီက ရွာဥက္ကဌတွေကို ခေါ်ပြီး အချိန် ၂ ပတ် ပေးတာ။ အဲဒီလူငယ် ၅ ဦးကို သူတို့ဘက် စာရွက်စာတမ်းတွေ ပြင်လို့ရအောင်ဆိုပြီး ပြောတယ်”
၁.၃၀ ဧကခန့်ရှိတဲ့ အဲဒီမြေဟာ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကတည်းက ကျေးရွာပိုင်ဘုံမြေဆိုပြီး ကျေးရွာလူထုတွေက သတ်မှတ်ခဲ့တာလို့ ပြောဆိုထားပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်း လက်ခံဖြေကြားခြင်း မရှိပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။