မိုးထက်၊ ဇွန်လ ၂၇ ရက်၊ မြိုင်
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံ အမျိုးသား ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ အညာမြေ တပ်ပေါင်းစုရဲ့ တာဝန်ရှိသူ ကိုဘိုဘိုသန့်ဇင်က ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်မှာ မြိုင်မြို့နယ် ဝက်ပုတ်နဲ့ ကုန်းရွာက အသက် ၅၅ နှစ်ဝန်းကျင် ဒေသခံအမျိုးသားနှစ်ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။
“ဝက်ပုတ်ရွာက အမျိုးသားတစ်ယောက်နဲ့ ကုန်းရွာက အမျိုးသားတစ်ယောက် သတ်ခံရတာ။ ၂၅ ရက်နေ့ကတည်းက သူတို့နှစ်ယောက် သတ်ခံရတာ။ ဒီမနက် စစ်တပ်ရဲ့ စစ်ကြောင်းက ကုန်းရွာအနီးဝန်းကျင်မှာ ရောက်ရှိနေပါတယ်”
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်ကနေ မနေ့ ဇွန်လ ၂၆ ရက်အထိ စစ်တပ်က ကုန်းရွာ ဒေသခံတွေရဲ့ နေအိမ် ၂၀ ကျော်နဲ့ ဝက်ပုတ်ရွာ ဒေသခံနေအိမ် ၄၅ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်ကလည်း မြိုင်မြို့နယ် သာစည်ရွာက အမျိုးသားတစ်ဦး၊ နှမ်းဆီကန်ရွာက အမျိုးသားတစ်ဦး၊ မြေရင့်ရွာက အမျိုးသားတစ်ဦးနဲ့ မိတ္ထိလာရွာက အမျိုးသား ၂ ဦးကိုလည်း စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။
လက်ရှိမှာတော့ စစ်တပ်ဟာ မကွေးတိုင်းအတွင်းရှိ မြိုင်၊ ပေါက်၊ မြစ်ခြေနဲ့ ကမ္မဒေသဘက် အင်အား ထောင်ချီနဲ့ စစ်ကြောင်း ထိုးလာတာကြောင့် ဒေသခံ ၂ သောင်းဝန်းကျင် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၀ ရက်ကနေ ဇွန်လ ၁ ရက်အထိ စစ်တပ်နဲ့ ပျူစောထီးဟာ ပခုက္ကူမှာရှိတဲ့ ကျေးရွာ ၁၁ ရွာက ဒေသခံ ၄၀ ကျော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အပြင် နေအိမ်တစ်ထောင်ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။