ရွှေဖီမြေ၊ ဇွန်လ ၂၆ ရက်၊ မူဆယ်
ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့နဲ့ နမ့်ခမ်းမြို့မှာ တရုတ်ယွမ် ၁၀၀ ကို မြန်မာငွေ ကျပ် ၆ သောင်းခွဲအထိ မြှင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်က ယွမ် ၁၀၀ ကို ၆ သောင်းကျပ် ရှိရာကနေ ဒီနေ့ ဇွန်လ ၂၆ ရက်မှာတော့ ယွမ် ၁၀၀ ကို ၆၅,၅၀၀ ကျပ်အထိ တက်လာတယ်လို့ မူဆယ်မြို့မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ငွေဈေး အတက်အကျက အရမ်းမြန်တယ်။ မနေ့က ၆၆,၀၀၀ အထိ တက်တာ။ ဒီနေ့တော့ ၅ ရာ ပြန်ကျတယ်။ ဒီနေ့မနက်ပိုင်းက ၆၅,၅၀၀ လောက်ပဲ ရှိတော့တယ်။ တစ်နေရာနဲ့တစ်နေရာလည်း မတူဘူး”
အလားတူ နမ့်ခမ်းမြို့နယ်မှာလည်း ယွမ် ၁၀၀ ကို မြန်မာငွေ ၆၅,၅၀၀ အထိ တက်လာတယ်လို့ နမ့်ခမ်းမြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“မနေ့တုန်းက ယွမ် ၁၀၀ ကို ၆၅,၀၀၀ ဒီနေ့မနက်တော့ ၅၀၀ ပြန်တက် ၆၅,၅၀၀ လောက်ရှိတယ်”
လက်ရှိ နမ့်ခမ်းမှာ တရုတ်ငွေ ဝယ်ဈေး ယွမ် ၁၀၀ ကို ကျပ် ၆၇,၀၀၀ ရှိပြီး ရောင်းဈေးက ယွမ် ၁၀၀ ကို ကျပ် ၆၆,၅၀၀ ကျော်အထိ ပေါက်ဈေး ရှိတယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
တရုတ်ငွေဈေးဟာ အတက်အကျ မြန်နေပြီး ပုံမှန်မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ၂၀၂၄ ခုနှစ် ဩဂုတ်လကလည်း ယွမ် ၁ဝဝ ကို ၉ သောင်းကျပ်အထိ စံချိန်တင် ဈေးမြှင့်တက်ခဲ့ဖူးပါတယ်။
နယ်စပ်မှာ တရုတ်ငွေဈေး တက်လာတာနဲ့အမျှ ကုန်ဈေးနှုန်းလည်း ငွေဈေးအလိုက် တက်လာတာကြောင့် ဒေသခံတွေ ပိုပြီးအခက်တွေ့နေကြတယ်လို့ ဆိုပါတယ်။
စစ်တပ် အာဏာမသိမ်းခင်က ယွမ် ၁၀၀ ကို မြန်မာငွေ ၁ သောင်းခွဲဝန်းကျင်သာ ရှိခဲ့ရာကနေ အာဏာသိမ်းပြီးနောက်မှာတော့ မြန်မာ့ငွေကြေး ဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ဒဏ်ကို လူထုတွေက အလူးအလဲ ခံစားနေရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။