ပပ၊ ဇွန်လ ၂၆ ရက်၊ မိုင်းငေါ့
တအာင်းတပ်မတော် ထိန်းချုပ်တဲ့ မိုင်းငေါ့နဲ့ နမ့်ဆန်မြို့ကြားရှိ မိုင်းငေါ့လမ်းပိုင်း သွားလာမှု အဆင်ပြေအောင် သက်ဆိုင်ရာ ဝာာဝန်ရှိသူတွေက အမြန်ဆုံး ပြုပြင်ပေးကြဖို့ ခရီးသွားနဲ့ ကားသမားတွေက ရွှေဖီမြေကို ပြောပါတယ်။
မိုင်းငေါ့လမ်းကို နမ့်ဆန်၊ မန်တုံနဲ့ နမ္မတူ စတဲ့မြို့နယ်က လူထုတွေက အဓိက အသုံးပြုကြပြီး သီပေါရှိ မိုးတေတံတား ပျက်စီးပြီးနောက် အဲဒီလမ်းပိုင်းကိုသာ ပြည်ထောင်စုလမ်းမကြီးအဖြစ် အသုံးပြုနေကြရကြောင်း ခရီးသွားလာသူတွေက ပြောဆိုပါတယ်။
နမ့်ဆန်-မန္တလေးဘက် ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက “မိုးတွင်းလည်း ရောက်ပြီဆိုတော့ တအားခက်ခဲလို့ပါဗျာ။ ကတ္တရာတို့ ကွန်ကရစ်တို့ မပြောပါဘူး။ ကျောက်ချောလမ်းလေး လုပ်ပေးရင်ကို တအားအဆင်ပြေပါပြီ” လို့ ပြောပါတယ်။
အဲဒီလမ်းပိုင်းမှာ သွားလာတဲ့ ခရီးသွားနဲ့ ကားသမားတွေကို တအာင်းတပ်က လမ်းပြုပြင် ထိန်းသိမ်းဖို့အတွက်ဆိုပြီး ကားအမျိုးအစားအလိုက် ခွဲပြီးတော့ ငွေကောက်ခံနေပေမဲ့ လက်ရှိအချိန်ထိ လုပ်ဆောင်ပေးတာ မတွေ့ရကြောင်း နောက်ထပ် ကားသမားတစ်ဦးက ပြောပါတယ်။
”ပိုက်ဆံတော့ သွားတဲ့အခေါက်တိုင်း ပေးရတာပဲ။ အဲပေးရတဲ့ ပိုက်ဆံလည်း ပြေစာ ပြန်ပေးတယ်။ အခုထိ လုပ်ပေးတာလည်း မရှိဘူး။ လုပ်မယ်ဆိုရင် ဒီမိုးတွင်းအမှီ လုပ်ပေးဖို့ ပြောချင်ပါတယ်။ ပိုက်ဆံ ပေးရတာကို မပြောပါဘူး။ သွားလာဖို့ အဆင်ပြေအောင် လုပ်ပေးရင်ရပါပြီ”
မန္တလေး-နမ့်ဆန် ပြည်ထောင်စုလမ်းမကြီးရှိ သီပေါမြို့အထွက် မိုးတေ တံတားဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ ဖျက်ဆီးခံခဲ့ရတာကြောင့် လက်ရှိအချိန်ထိ ပြည်ထောင်စု လမ်းမကြီးအဖြစ် မိုင်းငေါ့လမ်းကိုသာ လူထုတွေက အသုံးပြုနေရတာပဲ ဖြစ်ပါတယ်။
မိုင်းငေါ့လမ်းဟာ မြေနီလမ်း ဖြစ်တာအပြင် အတက်အဆင်း များတာကြောင့် မကြာခဏ ယာဉ်တိမ်းမှောက်တာတာတွေ ဖြစ်ပွားနေကြောင်း ကားသမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။