ရွှေဖီမြေ၊ ဇွန်လ ၂၄ ရက်၊ ပန်ဆန်း
တရုတ်က ဖမ်းဆီးပေးဖို့ “ဝ”တပ်- UWSA ထံ အကြောင်းကြားထားတဲ့ လူ ၂ ဦးကို “ဝ”ပြည် တရားရေးကော်မတီ- WSP က ဖမ်းဆီးပြီး မုန်းအားနယ်စပ်ဂိတ်ကနေတဆင့် တရုတ်ရဲလက်ထဲ လွှဲပြောင်းပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အဲဒီလူ ၂ ဦးက ကြီးလေးတဲ့ လူသတ်မှု ကျူးလွန်ထားသူဖြစ်ပြီး “ဝ”ပြည်ထဲ ဝင်ရောက်ခိုလှုံတဲ့သူ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ဝ”တပ်ဟာ တရုတ်အလိုရှိတဲ့ တရားခံတွေကို ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်မှာ နှစ်ဦး၊ ဇွန်လ ၁၁ ရက်က ကျားဖျန့် ၇၈ ဦး၊ ဇွန်လ ၃ ရက်မှာ တစ်ဦးနဲ့ ဒီနေ့ဇွန်လ ၂၄ ရက်မှာ နှစ်ဦး စုစုပေါင်း ၄ ကြိမ် လွှဲပြောင်းပေးခဲ့ပါတယ်။
အခုလို လွှဲပြောင်းမှုတွေဟာ တရုတ်ရဲ့အကြောင်းကြားချက်အရ ဆောင်ရွက်တာဖြစ်ပြီး “ဝ” ရဲတပ်ဖွဲ့နဲ့ တရုတ်ရဲတို့အကြား ပူးပေါင်းဆောင်ရွက်ရေးရဲ့နက်ရှိုင်းမှုကို ဖော်ပြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဝ”ဘက်က ကျားဖျန့်နဲ့ တရားခံတွေ လွှဲပြောင်းပေးသလို တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ တရုတ်နိုင်ငံသားတွေကိုလည်း ဆက်တိုက် ဖမ်းဆီးပြီး ပြန်ပို့နေတဲ့အပြင် ဖမ်းဆီးရမိတဲ့ ကျပ်ဘီလျံ ဆယ်နဲ့ချီ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး လွှဲပြောင်းမှု ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။