မြတ်နိုး၊ ဇွန်လ ၂၄ ရက်၊ ရွှေကူ
ကချင်ပြည်နယ် ရွှေကူဒေသအတွင်း နေထိုင်ကြတဲ့ ဒေသခံနဲ့ ရွှေတူးဖော်ရေး၊ သတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေအနေနဲ့ စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်တာတွေ မပြုလုပ်ကြဖို့ ကချင်တပ်မတော်- KIA ရဲ့ အမှတ်(၁၂)တပ်ရင်းက သတိပေးချက် ထုတ်ပြန်လာပါတယ်။
မနေ့ ဇွန်လ ၂၃ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ အဲဒီသတိပေးချက်မှာ စစ်ကောင်စီကို သတင်းပေးခြင်း၊ သတင်းယူခြင်း၊ သူလျှိုလုပ်ဆောင်ခြင်း မပြုလုပ်ကြဖို့ ပါရှိပါတယ်။
ဒါ့အပြင် အရင်က စစ်ကောင်စီနဲ့ ဆက်နွယ်ပတ်သက်ခဲ့သူတွေအနေနဲ့လည်း အခုထုတ်ပြန်ချက် ထွက်ရှိပြီးနောက်ပိုင်း ဆက်လက်ပူးပေါင်းဆောင်ရွက်တာတွေ မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။
စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းတာ ဒါမှမဟုတ် ပတ်သက်ဆက်နွယ်မှု ရှိနေတာတွေ စိစစ်တွေ့ရှိရင် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ ရွှေကူဒေသအတွင်း စစ်ရေး တင်းမာနေပြီး လက်နက်ကိုင်အဖွဲ့တွေက ဒေသတွင်း လုံခြုံရေးနဲ့ သတင်းအချက်အလက်ဆိုင်ရာ ကိစ္စရပ်တွေအပေါ် စောင့်ကြည့်မှု တိုးမြှင့်လုပ်ဆောင်နေတဲ့အခြေအနေမှာ အခုလို သတိပေးချက် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
“ယမန်နေ့ ဇွန်လ ၂၃ ရက်နေအ့ထိ ရွှေကူမြို့မှာ ပစ်ခတ်သံတွေ မကြားရသေးဘူး။ အခြေအနေက အေးအေးဆေးဆေး ရှိနေပါတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ စစ်ရေး တင်းမာတဲ့ အခြေအနေကာလ ဖြစ်နေတာကြောင့် မြို့တွင်း သွားလာကြတဲ့ ကား ဆိုင်ကယ်တွေ သတိထားပြီး ဖြည်းဖြည်းချင်း မောင်းနှင်သင့်တယ်လို့ သူက ပြောပါတယ်။
ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်လာပါစေ ကြိုတင်ပြင်ဆင်ထားသင့်ပြီး အလွန်အကျွံ စိုးရိမ်နေတာမျိုးလည်း မလိုအပ်ဘူးလို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။