စိန်၊ ဇွန်လ ၂၃ ရက်၊ စဉ့်ကူး
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဖြစ်စဉ်ကို သိရှိထားသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇွန်လ ၂၃ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ထုံးကြီးရွာရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ကျေးရွာရဲ့ အနောက်ဘက်က ကျွန်းပေါ်ရှိ ကျေးရွာတွေဘက် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“အဲဘက်ဒေသ စစ်တပ်က ထိန်းချုပ်ထားတဲ့နယ်မြေပါပဲ။ ဒဏ်ရာ ရတဲ့သူတွေက လက်ရှိမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိထားပါတယ်။ ၂ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမျိုးမှာ ပါတယ်ဗျ” လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
စစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် စဉ့်ကူးမြို့နယ် မြေနုရွာပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၆ ဦး ဒဏ်ရာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသဘက် စစ်တပ်က ကျွန်းပေါ်ကနေ လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံ ထိခိုက်ဒဏ်ရာ ရရှိသူလည်း မကြာခဏ ရှိခဲ့တယ်လို့ သိရပါတယ်။
မန္တလေးတိုင်းအပါအဝင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက နယ်မြေတွေကိုလည်း စစ်တပ်က လက်နက်ကြီးနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်တာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုလည်း ဆက်ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။