မြတ်နိုး၊ ဇွန် ၂၂၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့ အေးမြသာယာရပ်ကွက်မှာ မနေ့က ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်းက မြေပြိုမှုဖြစ်ပြီး ပျောက်ဆုံးနေခဲ့တဲ့ အမျိုးသား ၁ဦးကို ဒီနေ့ ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းမှာ သေဆုံးလျက် ပြန်လည်တွေ့ရှိထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“သေတာက ဦးယုလှိုင်၊ အသက် ၅၉နှစ်။ ရှမ်းဗမာ။ သူ့အိမ်နောက်ခြမ်း မြေပြိုထားရာအောက်ကနေ သေဆုံးလျက်ပြန်တွေ့တာ” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
မြေပြိုမှုဖြစ်ပြီးနောက် သူ့ရဲ့ မှတ်ပုံတင်၊ ဖုန်းနဲ့ ဆိုင်ကယ်တွေကိုတော့ မနေ့ကတည်းက တွေ့ထားတာလို့ ဆိုပါတယ်။
နောက်ဆုံးမှာတော့ သူ့ရဲ့ ရုပ်အလောင်းကို အိမ်နောက်ဘက် မြေပြိုထားတဲ့နေရာအောက်ကနေ ပြန်လည်တွေ့ရှိခဲ့တာလို့ သိရပါတယ်။
“မြေပြိုတဲ့ နေရာက ရှရော်ခဘက်အတက်နား၊ သောင်းချို၊ အေးမြသာယာ ရေအေးချောင် လို့ခေါ်မယ်ထင်တယ်” လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။
လက်ရှိအခြေအနေမှာတော့ ဖားကန့်မြို့ပေါ် ရပ်ကွက်တွေထဲ ဥရုချောင်းရေ ဝင်နေဆဲဖြစ်ပြီး ရေကလည်း သိသိသာသာ မကျသေးသလို နေအိမ်တွေနဲ့ လမ်းတွေပေါ်မှာ ရေတွေ ကျန်နေသေးပြီး မိုးလည်း ဆက်ရွာနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရေကြီးမှုကြောင့် ရပ်ကွက်တစ်ခုနဲ့တစ်ခု သွားလာဖို့ခက်ခဲနေပြီး ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်းတွေမှာလည်း အခက်အခဲတွေ ရှိနေတယ်လို့ လူမှုကူညီရေးအသင်းဝင်တွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။