ဇွန်လ ၂၂ ရက်
ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ လွတ်လပ်တဲ့ ရခိုင်သတင်းသမား ၃၃ ဦးက အာရက္ခမီဒီယာကောင်စီ (Arakha Press Council – APC) ကို ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ ဇွန်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
ထုတ်ပြန်ချက်အရ သတင်းသမား ၃၃ ဦးဟာ ဇွန်လ ၁၄ ရက်နေ့က အစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး ညီညွတ်တဲ့ ဆုံးဖြတ်ချက်နဲ့ အာရက္ခမီဒီယာကောင်စီကို တရားဝင် အတည်ပြုဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
အာရက္ခမီဒီယာကောင်စီကို လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့နဲ့ ရေရှည်တည်တံ့ပြီး ခိုင်မာတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာစေဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။
ကောင်စီအနေနဲ့ သတင်းသမားတွေရဲ့ သတင်းရယူခွင့်နဲ့ သတင်းလွတ်လပ်ခွင့် မြှင့်တင်ရေး၊ သတင်းသမားတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ အကာအကွယ်ရရှိရေး၊ မီဒီယာကျင့်ဝတ်တွေ ရေးဆွဲပြဋ္ဌာန်းကျင့်သုံးရေးအပြင် သတင်းစာပညာဆိုင်ရာ အရည်အသွေးတွေ မြှင့်တင်ရေးကို အဓိက ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြည်တွင်း၊ ပြည်ပက မီဒီယာအဖွဲ့အစည်းတွေ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ မီဒီယာကဏ္ဍဆိုင်ရာ နိုင်ငံတကာအသိုင်းအဝိုင်းတွေနဲ့ အပြုသဘောဆောင်တဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အာရက္ခမီဒီယာကောင်စီကို ယာယီကော်မတီတွေနဲ့ လည်ပတ်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) နဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ရေးဆွဲနေကာ မကြာခင်မှာ အဖွဲ့ဝင်တွေ စုံစုံညီညီပါဝင်တဲ့ ညီလာခံတစ်ရပ် ကျင်းပပြီး ပိုမိုကျစ်လစ်ခိုင်မာတဲ့ အဖွဲ့အစည်းအဖြစ် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။