အလင်း၊ ဇွန် ၁၈ ရက်၊ ဖလမ်း
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Baila ရပ်ကွက်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က စစ်ကောင်စီတပ်သားတစ်ဦး အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖြစ်စဉ်မှာ အမျိုးသမီးတစ်ဦးတည်း ရှိနေတဲ့ နေအိမ်အတွင်းကို စစ်ကောင်စီတပ်သားက ဝင်ရောက်လာပြီး ခြိမ်းခြောက်ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
ခင်ပွန်းဖြစ်သူ မြို့တွင်းကို ခေတ္တရောက်ရှိနေချိန်မှာပဲ အဆိုပါ အမျိုးသမီးကို ရွာပြင်ရှိ သုသာန်ဘက်မှာ အတင်းအဓမ္မ ခေါ်ဆောင်သွားကာ အဝတ်အစားတွေ ချွတ်ဖို့ ခြိမ်းခြောက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ အမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းနေချိန်မှာပဲ ခင်ပွန်းဖြစ်သူ ပြန်လည်ရောက်ရှိလာတာကြောင့် စစ်ကောင်စီတပ်သားမှာ အမျိုးသမီးရဲ့ ဖုန်းနဲ့ တန်ဖိုးရှိပစ္စည်းတွေကိုသာ လုယူထွက်ပြေးသွားခဲ့ပါတယ်။
“အမျိုးသမီးက အတော်လန့်သွားကြတယ်။ သေနတ်နဲ့ ခြိမ်းခြောက်ပြီး မုဒိန်းပါကျင့်ချင်သေးတာ။ သူ့ယောကျ်ားအလာ စောသွားလို့ပေါ့။ မဟုတ်ရင် အဲဒီအမျိုးသမီးအတွက် တွေးတောင်မဝံ့စရာပဲ။” လို့ ဖလမ်းမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
လက်ရှိမှာ အဲဒီအမျိုးသမီးနဲ့ မိသားစုဝင်တွေဟာ လုံခြုံရေး အခြေအနေကြောင့် အိမ်မှာ ဆက်မနေရဲတော့ဘဲ ဘေးလွတ်ရာကို တိမ်းရှောင်ရတယ်လို့ သိရပါတယ်။
“အဲဒီဖြစ်ပြီးနောက်ပိုင်း ရွာမှာ ဆက်မနေရဲတော့ဘူးလေ။ ရန်ရှာမှာစိုးလို့ တခြားတစ်နေရာကို မိသားစုလိုက် ပြောင်းရွှေ့လိုက်ကြပြီ။” လို့ အထက်ပါ ဖလမ်းမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဖလမ်းမြို့ကို စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့အနီးဝန်းကျင် ကျေးရွာတွေမှာ ကင်းပုန်းတွေ ချထားပြီး တပ်စွဲထားနေတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။