ရွှေဖီမြေ၊ ဇွန်လ ၁၉ ရက်
တရုတ်-မြန်မာနယ်စပ်အခြေစိုက် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ မိုင်းလားတပ် (NDAA) တို့ကို စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က လာရောက်တွေ့ဆုံခဲ့တယ်လို့ နှစ်ဖက်တပ်ဘက်က ထုတ်ပြန်ထားပါတယ်။
စစ်တပ်ကိုယ်စားလှယ်အဖွဲ့ဟာ NDAA နဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်မှာ တွေ့ဆုံခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဓိကထား ဆောင်ရွက်နေပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံနိုင်ဖို့ ဆက်သွယ်နေကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့တယ်လို့ NDAA က သတင်းထုတ်ပြန်ပါတယ်။
ဆွေးနွေးပွဲမှာ NDAA ရဲ့ ဥက္ကဋ္ဌ ဦးထိန်လင်းက စစ်အစိုးရရဲ့ သဘောထားလမ်းညွှန်ချက်တွေကို ထောက်ခံပြီး နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် ပါဝင်ကူညီသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် NDAA အနေနဲ့ အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် နိုင်ငံရေးမျှော်မှန်းချက်ကို ဆက်လက်ကိုင်စွဲသွားမယ်လို့ ဆိုပါတယ်။
NDAA နဲ့ တွေ့ဆုံပြီးနောက် မနေ့ ဇွန်လ ၁၈ ရက်မှာ စစ်တပ်ကိုယ်စားလှယ်တွေဟာ UWSA နဲ့ ပန်ဆန်းမြို့မှာ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးတို့ကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ “ဝ” တပ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဆွေးနွေးပွဲကို ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ UWSA ဘက်က ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ (FPNCC) ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ရှမ်းပြည်လည်တိုးတက်ရေးပါတီ (SSPP) နဲ့ တွေ့ဆုံပြီးနောက် NDAA နဲ့ UWSA တပ်တို့ကို လာရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ တအာင်းတပ် (TNLA) နဲ့ ကိုးကန့်တပ် (MNDAA) တို့ကိုတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အပစ်အခတ်ရပ်စဲထားပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ အာရက္ခတပ်တော် (AA) တို့ကတော့ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။