ရွှေဖီမြေ၊ ဇွန်လ ၁၈ ရက်
တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP၊ တအာင်းတပ် – TNLA၊ ကိုးကန့်တပ် – MNDAA တို့က တရုတ်လုပ်ငန်းရှင်တွေနဲ့အတူ ရွှေတူးဖော်မှုတွေကြောင့် ဆည်ထဲ အနယ်ပြည့်လာပြီး လျှပ်စစ်ဓာတ်အား လျော့ကျလာတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
မြို့ခံ အမျိုးသမီးတစ်ဦးက “အခု မီးက နေ့တစ်ဝက်ပဲ လာတော့တယ်။ ညနေပိုင်း ၄ နာရီလောက် လာရင် ည ၁၀ နာရီလောက်ဆို ပြန်ပျက်ပြီး။ ရေအားမနိုင်လို့လေ။ ရေထဲမှာ အနယ်တွေပါတာလည်း ဟုတ်တယ်။ ရွှေတူးလို့ ရေလျော့သွားတာလည်း ဟုတ်တယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။
ရွှေတူးဖော်မှုတွေကို မိုင်းငေါ့မြို့နယ်ထဲက ရွာမ၊ မန်ပင့်၊ ကွမ်စန့်နဲ့ နမ့်စွန်ကျေးရွာ လယ်ကွက်တွေထဲအပြင် မိုင်းငေါ့မြို့အထက်ရှိ ရေလှောင်ဆည်အထက် ရေချောင်းတစ်လျှောက်လုံး လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။
မိုင်းငေါ့မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိ မိုင်းငေါ့မြို့ဝန်းကျင်မှာ TNLA အပြင် SSPP လည်း လှုပ်ရှားနေတာဖြစ်ပါတယ်။
အခု မိုင်းငေါ့ရွှေတူးဖော်မှုမှာ MNDAA ပါဝင်တယ်ဆိုတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်ကိုတော့ ရွှေဖီမြေက သီးခြားအတည်မပြုနိုင်သေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။