By မိုင်းရူပ၊ ရွှေဖီမြေ
ကိုယ်ဝန်ဆောင်ကာလကို ကျော်ဖြတ်ပြီးနောက် မီးဖွားဖို့ ရက်ပိုင်းသာလိုတော့တဲ့ အသက် ၃၀ ကျော်အရွယ် မဖြူဟာ မွေးဖွားလာမယ့် ကလေးငယ်ရဲ့ အပြုံးကို မြင်ရဖို့ နေအိမ်ထဲမှာ စောင့်ဆိုင်းနေခဲ့ပါတယ်။
ဒါပေမယ့် မနေ့ ဇွန်လ ၁၇ ရက် နေ့လယ်ခင်းမှာတော့ စစ်ကောင်စီကြဲချတဲ့ ဗုံးတစ်လုံးနဲ့အတူ မဖြူအပါအဝင် ဗိုက်ထဲမှာပါတဲ့ ကလေးပါ သေဆုံးသွားခဲ့ရပြီး အဲဒီမျှော်လင့်ချက်တွေအားလုံး အဆုံးသတ်ခဲ့ရပါပြီ။
တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောကျေးရွာကို စစ်ကောင်စီတပ်က နေ့လယ် ၁ နာရီဝန်းကျင်မှာ လေကြောင်းကနေ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း မဖြူအပါအဝင် ၎င်းရဲ့ဘေးမှာ အိပ်နေတဲ့ ၂ နှစ်အရွယ် သမီးလေးအပါအဝင် အရပ်သား လေးဦး သေဆုံးခဲ့ရပါတယ်။
မဖြူရဲ့ နေအိမ်ပေါ်ကို ဗုံးတည့်တည့် ကျရောက်ခဲ့တယ်လို့ မြေပြင်မှာ ကူညီပေးနေသူ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ကလေးက ဒီနေ့ မွေးမှာတဲ့။ ဒီနေ့ကျမှ အဲလိုကံဆိုးမှုနဲ့ ကြုံရတာ။ သူ့ဘေးမှာလည်း အသက် ၂ နှစ်အရွယ် ကလေးလည်း ပါသွားတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုအပြီးမှာ မဖြူရဲ့ဘဝဟာ ရပ်တန့်သွားခဲ့သလို သူ့ရဲ့ သမီးငယ်လေးရဲ့ ဘဝကလည်း မစတင်ရသေးခင်မှာပဲ အဆုံးသတ်သွားခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မဖြူဟာ ဦးခေါင်းပြတ်သွားတဲ့ ဒဏ်ရာနဲ့ သေဆုံးခဲ့သလို ၎င်းရဲ့ဘေးမှာ အိပ်နေတဲ့ အသက် ၂ နှစ်အရွယ် သမီးဖြစ်သူလည်း ဦးခေါင်းထိမှန်ပြီး သေဆုံးနေတာကို မြေပြင်မှာရှိနေသူတွေ ပေးပို့လာတဲ့ ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။
မဖြူ သေဆုံးပြီးနောက် ဒေသတွင်း ကျန်းမာရေးအဖွဲ့က ကလေးကို ခွဲထုတ်ပြီး ကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဗုံးစဟာ ကလေးကိုပါ ထိမှန်ထားတာကြောင့် မအောင်မြင်ခဲ့ပါဘူး။
“ဗိုက်ထဲက ကလေးက မိန်းကလေး။ ကလေးက မရှင်ဘူး။ ခေါင်းတစ်ခြမ်းပဲ ပါလာတာ” လို့ မြေပြင်မှာ ကူညီပေးနေသူ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မဖြူအတွက်တော့ သမီးလေးရဲ့ ပထမဆုံး အော်သံကို ကြားခွင့်မရခဲ့ဘဲ သမီးငယ်လေးအတွက်လည်း မိခင်ရဲ့ ရင်ခွင်ကို မမှီခိုလိုက်ရဘဲ စစ်ကောင်စီရဲ့ ဗုံးဒဏ်ကြောင့် သေဆုံးခဲ့ရပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က ဝက်လက်မြို့ပေါ်ကိုသာ အဓိက ထိန်းချုပ်ထားနိုင်ပြီး မြို့ပြင်ကျေးရွာအများစုကိုတော့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားကြပါတယ်။
စစ်ကောင်စီတပ်ဟာ ၎င်းလက်လွှတ်ထားရတဲ့ နယ်မြေတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ တွေ့ရပါတယ်။
“ဒီဒေသမှာက စစ်ကြောင်းမရှိဘူး။ ဘာတိုက်ပွဲမှ မရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ” လို့ ဝက်လက်မြို့နယ်သတင်းကို ဖော်ပြနေတဲ့ Wetlet Informational Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။
မနေ့က ဗုံးကြဲခံရတဲ့ ညောင်ပင်ကြီးတောကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးလှုပ်ရှားမှု မရှိသလို တိုက်ပွဲဖြစ်ပွားတာလည်း မရှိခဲ့ကြောင်း မြေပြင်မှာရှိနေသူတွေက ပြောပါတယ်။
ဗုံးကြဲခံရတဲ့ ညောင်ပင်ကြီးတောကျေးရွာဟာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဝက်လက်မြို့နဲ့ လေးမိုင်ခန့် ကွာဝေးပြီး တော်လှန်ရေးတပ်တွေဘက်ကလည်း စစ်ရေးလှုပ်ရှားတာ မရှိဘူးလို့ ဆိုကြပါတယ်။
ဇွန်လ ၁၆ ရက် နေ့လယ်ပိုင်းကလည်း ဝက်လက်မြို့နယ်ထဲက နတ်ကုန်းရွာသစ်နဲ့ ဝက်လူးအိုင်ကျေးရွာတွေကို စစ်ကောင်စီတပ်က အသေခံဒရုန်း လေးစီးအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသေးတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီလိုအဖြစ်ဆိုးကို မဖြူတစ်ယောက်တည်းပဲ ကြုံခဲ့ရတာ မဟုတ်ဘဲ စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတွေက စစ်ကောင်စီရဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေကြောင့် နေ့စဉ်လိုလို အသက်သေဆုံးနေရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကစလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အစိုးရ တက်လာပေမယ့် အရပ်သားလူထုတွေအပေါ် ပစ်မှတ်ထားတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေဟာ လျော့နည်းလာတာ မရှိဘဲ ပိုမိုလုပ်ဆောင်လာတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့တွေက ဆိုကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်အထိ စာရင်းတွေအရ နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၅,၆၃၃) ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေကြောင့် သေဆုံးသူတွေထဲမှာ ကလေးငယ် ၇၄၀ ဦး ပါဝင်တယ်လို့လည်း ဆိုထားပါတယ်။
ဝက်လက်မြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ မီးဖွားခါနီးမိခင်ရဲ့ ဖြစ်ရပ်ဟာ လူထုတွေက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေရဲ့ သားကောင်ဖြစ်နေရဆဲဆိုတာကို ထင်ဟပ်နေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။