ရွှေဖီမြေ၊ ဇွန်လ ၁၆ ရက်
ဝေးလံခေါင်သီတဲ့ ရှမ်းမြောက် တန့်ယန်းမြို့နယ်၊ လားရှိုးမြို့နယ် မိုင်းယော်ဒေသနဲ့ ကွတ်ခိုင်မြို့နယ် မုံးစီးဒေသရှိ ကျေးရွာတွေမှာ တာဝန်ထမ်းဆောင်မယ့် ကျောင်းဆရာ၊ ဆရာမ ၅၀ ဦးကို တအာင်းပညာရေးအင်စတီကျု (TEI) က ခေါ်ယူနေပါတယ်။
တာဝန်ထမ်းဆောင်မယ့် ဆရာ၊ ဆရာမတွေရဲ့ သတ်မှတ်အရည်အချင်းအဖြစ် အနည်းဆုံး ၁၀ တန်းအထိ တက်ရောက်ဖူးသူ ဖြစ်ရမှာဖြစ်ပြီး တအာင်းဘာသာစကားနဲ့ တအာင်းရုံးသုံးစာကို အခြေခံ တတ်မြောက်ထားရမယ်လို့ ဆိုထားပါတယ်။
လျှောက်လွှာတွေကို လာမယ့် ဇွန်လ ၃၀ ရက် နောက်ဆုံးထား ပေးပို့ရမှာဖြစ်ပြီး လက်ခံရရှိတဲ့ လျှောက်လွှာတွေကို ဇူလိုင် ၇ ရက်နေ့မှာ အကြောင်းပြန်သွားမှာဖြစ်ကာ စာသင်ကျောင်းမဖွင့်ခင် စွမ်းရည်မြှင့်တင်ရေးသင်တန်းတွေ ပို့ချပေးသွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်ကစပြီး မိုင်းယော်နဲ့ တန့်ယန်းမြို့နယ်တွေထဲမှာ TEI က စာသင်ကျောင်းတွေ စတင်ဖွင့်လှစ်ခဲ့ပြီး ဆရာ၊ ဆရာမ အင်အားလိုအပ်နေတာ တွေ့ရပါတယ်။
TEI ကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ တအာင်းပညာရေးကော်မတီကနေ TEI အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ရှမ်းမြောက် ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ ဖွင့်လှစ်ပေးနေတဲ့ တအာင်းအရပ်ဖက် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။