အလင်း၊ ဇွန်လ ၁၆ ရက်၊ တီးတိန်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) က ဒေသခံ အရပ်သားတစ်ဦးကို သေဒဏ်ပေး စီရင်လိုက်တယ်လို့ ZRA က ဇွန်လ ၁၄ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ZRA ရဲ့ ပြည်ထဲရေးဌာနက တာဝန်ရှိသူတစ်ဦးဖြစ်သူ Pa Pau Ngaih Mang ဟာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ဆွောင်းဇန်ကျေးရွာကနေ တုန်းဇံကျေးရွာကို သွားရောက်စဉ် လမ်းခုလပ်မှာ လုပ်ကြံသတ်ဖြတ်ခံတာ ခံခဲ့ရပါတယ်။
၎င်းဖြစ်စဥ်နဲ့ပတ်သက်ပြီး ZRA က တရားခံတွေကို စုံစမ်းစစ်ဆေးရာမှာ လုပ်ကြံမှုမှာ ပါဝင်ပတ်သက်သူလို့ ယူဆရတဲ့ တွီးထန်ကျေးရွာက Kap Lian Mang ကို ဖမ်းဆီးပြီး ZRA က အခုလို သေဒဏ်စီရင်လိုက်တာဖြစ်ပါတယ်။
“ZRA က သတ်လိုက်တာက အတည်ပြုပါတယ်။ တွန်းဇံမှာ အလောင်းထုတ်ယူကြဖို့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ လူငယ်ခေါင်းဆောင်တွေကို အကြောင်းကြားပါတယ်။”လို့ တီးတိန်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
သေဒဏ်စီရင်ပေးခံရသူ Kap Lian Maung ဟာ ZRA ခွဲထွက် ဇိုမီးအမျိုးသားတပ်မတော် (ZNA) နဲ့ ဆက်စပ်သူဖြစ်တယ်လို့ ZRA က စွဲစွပ်ပြောဆိုထားပါတယ်။
အဲဒီ စွပ်စွဲချက်တွေနဲ့ ပတ်သက်၍ ZNA အဖွဲ့ဘက်က ကြေညာချက် ထုတ်ပြန်ပြီး အဲဒီစွပ်စွဲဟာ မမှန်ကန်ဘူးလို့ ငြင်းဆိုထားပါတယ်။
ဒါ့အပြင် ZRA ဟာ ဇိုမီးလူမျိုးတွေအတွက် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုတည်းသာ ရှိသင့်တယ်ဆိုတဲ့ မူဝါဒကို ကျင့်သုံးပြီး အခုလို အဖွဲ့အစည်းသစ် ပေါ်ပေါက်လာတာကို လုံးဝ လက်မခံဘူးလို့ ဆိုထားပါသေးတယ်။
ဒါကြောင့် ZNA နဲ့ ပါဝင်ပတ်သက်သူတွေကို ဆက်လက် ပြင်းထန်စွာအရေးယူသွားမယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။