ရွှေဖီမြေ၊ ဇွန်လ ၁၅ ရက်၊ ကွတ်ခိုင်
ကိုးကန့်တပ် – MNDAA ထိန်းချုပ်မှုအောက် ရောက်ရှိသွားတဲ့ ကွတ်ခိုင်မြို့နယ် မာန်နိမ်အွန်ကျေးရွာအုပ်စု ငေါ့ငါ့ကျေးရွာမှာရှိတဲ့ တုန်ပန်းရေချောင်းမှာ လက်ရှိအချိန်ထိ ရွှေတူးဖော်မှုလုပ်ငန်းတွေ ရပ်နားခြင်းမရှိတာကြောင့် လယ်ဧကရာနဲ့ချီ စိုက်ပျိုးလို့မရဖြစ်နေတယ်လို့ ရွာခံတွေဆီကနေ သိရပါတယ်။
“သူတို့ ရွှေတူးတဲ့အခါကျရင် အနယ်တွေပါတယ်။ ကောသွားတာတွေ ဖြစ်တယ်ပေါ့နော်။ အကယ်၍ ရေကအမြဲတမ်း အနယ်အနောက်တွေပါတယ်ဆိုလို့ရှိရင် စပါးက လုံးဝစိုက်လို့မရတဲ့ အခြေအနေမှာရှိတယ်ပေါ့နော်။ အဲဒါကို အခက်တွေ့နေတယ်။ ရေက အခုချိန်အထိ သွင်းလို့မရဘူး။ နောက်လည်းကျနေပြီ”
ငေါ့ငါ့ရွာက လယ်တွေဟာ တုန်ပန်းရေချောင်းအဓိက မှီခိုအားထားပြီး လယ်ကွက်ပိုင်ရှင် ၁၀ ဦးဟာ လက်ရှိမိုးကျရာသီ ဇွန်လပိုင်းမှာ စပါးကိုစိုက်ပျိုးကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်တုန်းက အခုလို မိုးကျရာသီမှာ ဒေသခံတွေ လယ်စိုက်ပျိုးနိုင်ဖို့ ရွှေတူးဖော်မှုတွေကို ယာယီရပ်တန့်ပေးခဲ့ပေမဲ့ ဒီနှစ်မှာတော့ လက်ရှိအချိန်ထိ ရွှေဆက်တူးနေတာကြောင့် လယ်စိုက်ပျိုးသူတွေ အခက်ကြုံနေကြပါတယ်။
အဲဒီ တုန်ပန်းချောင်းကို အဓိကမှီခိုပြီး လယ်စိုက်ပျိုးတဲ့ ငေါ့ငါ့ကျေးရွာ လယ်ကွက်တွေမှာ တစ်နှစ်ကို စပါးတင်းပေါင်း ၁၄၀၀ တင်းဝန်းကျင် ထွက်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီရွှေတူးဖော်မှုလုပ်ငန်းတွေကို ကိုးကန့်တပ်နဲ့ တရုတ်လုပ်ငန်းရှင်တွေ တူးဖော်ကြတာဖြစ်ပြီး ရွှေတူဖော်မှုတွေကို ယာယီရပ်တန့်ပေးဖို့ ရွာခံတွေက တောင်းဆိုနေကြလျက် ရှိပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။