ရွှေဖီမြေ၊ ဇွန်လ ၁၅ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်-၅ နယ်မြေ (၂၀) မှာ ချွေးမဖြစ်သူ အမျိုးသမီးတစ်ဦးကို ၎င်းရဲ့ခင်ပွန်းနဲ့ မိသားစုဝင်တွေက ရိုက်နှက်လို့ သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက် ညနေပိုင်းမှာ အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးကို ၎င်းရဲ့ခင်ပွန်းဖြစ်သူနဲ့ မိသားစုဝင်တွေက ကြိုးတုတ်ပြီး ရိုက်နှက်ခဲ့ရာ လက်လွန်ပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
“ကလေးမက ဘာအပြစ်ရှိလဲ မသိဘူး။ မိသားစုလိုက် ဝိုင်းရိုက်တာ။ ပယောဂကုသသလိုလိုနဲ့ ရိုက်တာ။ ကြိုးတုတ်ပြီး ဝိုင်းရိုက်ကြတာ။ ကလေးမ သေသွားတယ်” လို့ လားရှိုးမြို့ ရပ်ကွက်-၅ ရှိ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
အခင်းဖြစ်ပွားပြီး သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ အမျိုးသားဖြစ်သူနဲ့ မိသားစုဝင် ၃ ဦးကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့တွေက လာရောက်ဖမ်းဆီးသွားပြီး အဲဒီအမျိုးသမီးကို ရိုက်နှက်ခဲ့တဲ့ အကြောင်းအရင်းကိုတော့ မသိရသေးဘူးလို့ ၎င်းက ဆက်ပြောပြပါတယ်။
“သူတို့ရဲ့ အဖေ၊ နောက် မိန်းကလေးနှစ်ယောက်နဲ့ သူ့ယောကျ်ားကို ရဲတွေက လာဖမ်းသွားတယ်။ သေသွားတဲ့ အမျိုးသမီးမှာ သား ၂ ယောက် ကျန်ခဲ့တယ်” လို့ ဆိုပါတယ်။
ရိုက်နှက်ခံရလို့ သေဆုံးသွားတဲ့ အမျိုးသမီးဟာ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်ဇာတိဖြစ်ပြီး ဒီနေ့ ဇွန်လ ၁၅ ရက်မှာ ၎င်းရဲ့ အလောင်းကို သဂြိုဟ်လိုက်ပြီလို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။