By မိုင်းရူပ၊ ရွှေဖီမြေ

မနက်ခင်းအလင်းရောင် စတင်မြင်ရချိန်မှာ ကလေးငယ်တွေရဲ့ စာအံသံထက် တစ်နေ့စာ စားသောက်ဖို့အတွက် မိဘတွေကို စပါးကူထောင်းပေးနေတဲ့ ကလေးတွေ၊ ကျွဲကျောင်းဖို့ ပြင်ဆင်နေကြတာတွေ၊ တောင်ယာထဲဆင်းပြီး အလုပ်လုပ်ဖို့ ပြင်ဆင်နေတဲ့ မြင်ကွင်းတွေသာ တွေ့မြင်ရမှာပါ။

ဝေးလံခေါင်သီတဲ့ ရှမ်းမြောက် လားရှိုးမြို့နယ်အတွင်းက မိုင်းယော်ဒေသနဲ့ တန်ယန်းမြို့နယ်က ကျောင်းတက်ရမယ့် အရွယ် ကလေးငယ်အများအပြားဟာ စာသင်ခန်းထဲ မရောက်ဘဲ အလုပ်ခွင်တွေ၊ တောင်ယာတွေ၊ ကျွဲ၊ နွားကျောင်းကွင်းတွေနဲ့ အိမ်မှုကိစ္စတွေကြားမှာ သူတို့ရဲ့ ကလေးဘဝတွေကို ကုန်ဆုံးနေကြရပါတယ်။

မိုင်းယော်ဒေသမှာ နေထိုင်သူတစ်ယောက်အတွက်က ဒီမြင်ကွင်းတွေက ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။

မိုင်းယော်ကျေးရွာထဲက လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ စားပွဲထိုးလုပ်နေတာကို တွေ့ရမှာပါ။

ကျေးရွာတွေဘက် ရောက်ရင်လည်း ညီအစ်ကိုမောင်နှမငယ်တွေကို ပြန်ထိန်းနေရတဲ့ ကလေးတွေ၊ နွားကျောင်းနေတဲ့ ကလေးတွေ၊ တောင်ယာထဲမှာ မိဘတွေနဲ့အတူ လုပ်ကိုင်နေတဲ့ ကလေးတွေကို နေရာတိုင်းလိုလိုမှာ တွေ့မြင်နိုင်ပါတယ်။

ဒီလိုအခြေအနေတွေ ဖြစ်ပေါ်လာရခြင်းရဲ့ အဓိကအကြောင်းရင်းက ဝေးလံခေါင်းပါးပြီး ဆင်းရဲနွမ်းပါးမှု ဖြစ်ပါတယ်။ ဒေသခံအများစုဟာ တောင်ယာစိုက်ပျိုးရေးကို အဓိကအားထားရပြီး ဝင်ငွေနည်းပါးကြပါတယ်။

မိသားစုစားဝတ်နေရေးကို ဖြည့်ဆည်းဖို့ ရုန်းကန်နေရတဲ့ မိဘတွေအတွက် ကလေးတွေကို ကျောင်းထားဖို့ထက် အလုပ်ခွင်မှာ ဝင်ကူပေးနိုင်ဖို့က ပိုအရေးကြီးလာပါတယ်။

“ကလေးကို ကျောင်းထားရင် ဝင်ငွေမရဘူး၊ အလုပ်လုပ်ရင် အိမ်ကို ကူနိုင်တယ်” ဆိုတဲ့ အမြင်မျိုးဟာ ဒေသအတွင်း မိဘအချို့ကြားမှာ ရှိနေဆဲဖြစ်တယ်လို့ ပညာရေးလုပ်ငန်း ဆောင်ရွက်နေသူတွေက ပြောပါတယ်။

လားရှိုးမြို့နယ် လွယ်တိန်ရွာခံ ဦးအိုက်လူဟာ ကျောင်းတက်ရမယ့် ကလေး ၃ ဦးရှိပြီး အသက် ၁၀ နှစ်ဝန်းကျင်ရှိတဲ့ သားဖြစ်သူကို တခြားရွာမှာ အလုပ်လုပ်ခိုင်းထားပါတယ်။

ကျန်တဲ့ ၅ နှစ်ဝန်းကျင်အရွယ် သားတစ်ဦးနဲ့ သမီးဖြစ်သူကိုလည်း အိမ်မှာ ကူလုပ်ခိုင်းထားပြီး သားသမီး ၃ ဦးလုံးကို ကျောင်းမထားပါဘူး။

သားသမီးတွေကို ဘာကြောင့် ကျောင်းမထားတာလဲဆိုတာ မေးကြည့်တော့ “သူတို့ကို ကျောင်းပေးတက်ရင် အိမ်မှာ ကူလုပ်မယ့်သူ မရှိတော့ဘူးလေ။ ကျွန်တော့် အမျိုးသမီးလည်း နေမကောင်းတော့ သူ့ကို ကြည့်ရမှာ” လို့ ဦးအိုက်လူက ပြောပါတယ်။

ဆင်းရဲမှုအပြင် ပညာရေးရဲ့ အကျိုးကျေးဇူးတွေကို မျိုးဆက်ပေါင်းများစွာ မခံစားဖူးတာကြောင့် ပညာရေးအပေါ် ယုံကြည်မှု အားနည်းနေခြင်းကလည်း အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်နေပါတယ်။

တန်ယန်းမြို့နယ်ရှိ မန်မိုကျေးရွာမှာ ကျောင်းတက်ရမယ့်အရွယ် ကလေး ၅၀ ခန့်ရှိပေမယ့် စာသင်ကျောင်းကို ပုံမှန်လာရောက်တက်ရောက်တဲ့ ကလေးက ၃၀ ဝန်းကျင်သာ ရှိတယ်လို့ အဲဒီကျေးရွာမှာ တာဝန်ကျတဲ့ ကျောင်းဆရာမ လွေးယေကြမ်က ပြောပါတယ်။

“ကလေးတွေကို ဘာလို့ ကျောင်းမထားတာလဲ မေးကြည့်တော့ ကျွဲကျောင်းရမယ်၊ ကလေးထိန်းရမယ်တဲ့” လို့ သူက ဆိုပါတယ်။

မိသားစုတစ်ခုမှာ ကျောင်းတက်ရမယ့် ကလေးနှစ်ဦးရှိရင် တစ်ဦးကိုသာ ကျောင်းထားပေးပြီး ကျန်တစ်ဦးကို အလုပ်မှာ ကူလုပ်ဖို့နဲ့ သူ့ထက်ငယ်တဲ့ သားသမီးတွေကို ထိန်းဖို့ ခိုင်းစေကြတာ ဖြစ်ပါတယ်။

“တချို့ကလေးတွေက ကျောင်းတက်ချင်တယ်။ မိဘတွေက ပေးမတက်ဘူး။ အဲဒီလိုနဲ့ပဲ ကလေးတွေ ကျောင်းမတက်ရဘူး” လို့ တန်ယန်းမြို့နယ် မန်မိုရွာခံ ကွန်အေက ပြောပါတယ်။

မိုင်းယော်ဒေသနဲ့ တန်ယန်းမြို့နယ်ထဲက ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ ခေတ်အဆက်ဆက် အစိုးရဘက်က စာသင်ကျောင်းတွေ ဖွင့်လှစ်ပေးခဲ့တာ မရှိပါဘူး။

မိုင်းယော်ဒေသနဲ့ တန်ယန်းမြို့နယ်ထဲမှာ ပညာရေးအခွင့်အလမ်းတွေ တိုးတက်လာစေဖို့ဆိုပြီး တအာင်းအရပ်ဖက်အဖွဲ့အစည်းတွေက ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ ဖွင့်လှစ်ပေးခဲ့ပါတယ်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်ကစပြီး တအာင်းပညာရေးအင်စတီကျု (TEI) က မိုင်းယော်နဲ့ တန်ယန်းမြို့နယ်အပြင် ရှမ်းမြောက်က ဝေးလံခေါင်သီတဲ့ ဒေသတွေမှာပါ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။

မိုင်းယော်ဒေသမှာ TEI က စာသင်ကျောင်းပေါင်း ၄၀ ကျော် ဖွင့်လှစ်ထားပေမယ့် ဒါဟာ ဒေသတစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့ အခြေအနေ မရှိသေးဘဲ စာသင်ကျောင်းမရှိတဲ့ ကျေးရွာတွေလည်း ဆက်ရှိနေပါတယ်။

အဲဒီကျောင်းတွေကြောင့် အရင်က ကျောင်းလုံးဝမရှိတဲ့ ကျေးရွာတွေမှာ ကလေးတွေ စာသင်ယူခွင့် ရလာခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်အထိ စိန်ခေါ်မှုတွေက ဆက်ရှိနေဆဲပါ။ အချို့ကျောင်းတွေမှာ စတုတ္ထတန်းအထိ ဖွင့်လှစ်ထားပေမယ့် ဆရာတစ်ဦးတည်းသာ တာဝန်ထမ်းဆောင်နေရတာတွေရှိနေပြီး ဆရာ၊ ဆရာမ လိုအပ်ချက်တွေလည်း ရှိနေဆဲဖြစ်ပါတယ်။

ဒါပေမယ့် မိုင်းယော်ဒေသက ကလေးငယ်အများအပြားအတွက်တော့ စာသင်ခန်းထဲက အိပ်မက်တွေထက် မိသားစုရဲ့ စားဝတ်နေရေးတာဝန်ကို ထမ်းပိုးနေရပါတယ်။

ကျောင်းခေါင်းလောင်းသံကို နေ့စဉ်ကြားသင့်တဲ့ ကလေးငယ်တချို့ဟာ ကျွဲ၊ နွားခေါင်းလောင်းသံနောက်ကို လိုက်နေရဆဲ ဖြစ်ပြီး စာအုပ်ကိုင်သင့်တဲ့ လက်ကလေးတွေဟာ ပေါက်တူး၊ ပေါက်ပြားတွေကို ကိုင်ထားကြရဆဲပါ…

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အမွဲသိမ်းမယ့် ကျွဲဂိမ်း

အလွှာပေါင်းစုံသော လူထုအတော်များများသည် စလော့ဂိမ်းများဖြင့် ပတ်သက်ဆက်စပ် ရင်းနှီးနေကြသည်။

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

ကျောက်မဲမြို့အနီး ရောက်လာတဲ့ အပြင်းအထန်ဆုံး တိုက်ပွဲ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။

ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။