ရွှေဖီမြေ၊ ဇွန် ၁၅ ရက်
“ဝ”ဒေသအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၃၉ ဦးကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပို့ဆောင်ပေးခဲ့တယ်လို့ ဝပြည်တရားရေးကော်မတီက ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်အရ အဆိုပါ ၃၉ ဦးဟာ သတ်မှတ်နေရာတွေမှာ ၎င်းတို့ရဲ့ သဘောဆန္ဒအလျောက် လာရောက်စာရင်းပေးသွင်းခဲ့ကြတာတာ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်အတွင်းမှာတင် တရားမဝင် ဝင်ရောက်လာသူတွေထဲက ၈၅၈ ဦး လာရောက်စာရင်းသွင်းတာဖြစ်ပြီး ၂၀၂၀ ခုနှစ်ကနေ လက်ရှိအချိန်အထိ ဝဒေသကနေ တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပို့ဆောင်ခဲ့သူ စုစုပေါင်း ၉ သောင်းဝန်းကျင် (၈၈,၃၃၁) ရှိပြီဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
စာရင်းသွင်းသူတွေကို သတ်မှတ်ရက်အတိုင်း လက်ခံပြီး နောက်တစ်နေ့မှာပဲ နယ်စပ်ဂိတ်တွေကနေ တရုတ်ရဲတပ်ဖွဲ့ထံ လုံခြုံစွာ လွှဲပြောင်းပို့ဆောင်ပေးခဲ့တာလို့ သိရပါတယ်။
ဝပြည်တရားရေးကော်မတီကတော့ တရားမဝင် လာရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေကို တရားဝင်လမ်းကြောင်းကနေ ပြန်နိုင်ဖို့ သက်ဆိုင်ရာမှာ လာရောက်စာရင်းပေးသွင်းဖို့ တိုက်တွန်းထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။