ရွှေဖီမြေ၊ ဇွန်လ ၈ ရက်၊ နမ့်ခမ်း
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဒုဥက္ကဌ(၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားနဲ့ ဒုဥက္ကဌ(၂) ဗိုလ်ချုပ် တားခူလန်၊ အထွေထွေ အတွင်းရေးမှူး(၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ အထွေထွေ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး တားပန်လတို့ ဦးဆောင်ပြီး ကောင်းတပ်ရွာ ပေါက်ကွဲမှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးခဲ့သူတွေနဲ တွေ့ဆုံပြီး တောင်းပန်ခဲ့တယ်လို့ တအာင်းတပ်က ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်မှာ ကောင်းတပ်ရွာ ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူတွေကို ရည်စူးပြီး ရက်လည်ဆွမ်းသွပ် တရားနာအလှူတော် ကျင်းပပေးခဲ့တယ်လို့ ဆိုပါတယ်။
လူသားချင်း စာနာထောက်ထားမှု အကူအညီဆိုပြီး သေဆုံးသွားသူတစ်ဦးစီရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်တွေအတွက် PSLF/TNLA ရဲ့ သီးသန့်ရန်ပုံငွေကို အသုံးပြုပြီးတော့ တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် တအာင်းတပ်ရဲ့ ယမ်းသိုလှောင်တဲ့ဂိုဒေါင် ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးသွားသူ၊ ထိခိုက်နစ်နာသူတွေနဲ့ ထပ်တူဝမ်းနည်းကြေကွဲပြီး ဖြစ်စဉ်အတွက် လေးနက်စွာ တောင်းပန်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ နစ်နာဆုံးရှုံးမှုအပေါ် အလေးအနက်ထားကာ တာဝန်ယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ထိခိုက်နစ်နာခဲ့တဲ့သူတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် အစွမ်းကုန် ကူညီဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲ ဆက်လက် ဖော်ပြထားပါတယ်။
တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာမှာ ပြီးခဲ့တဲ့ မေလ ၃၁ ရက်က တအာင်းတပ် စီးပွားရေးဌာနရဲ့ ယမ်းဂိုဒေါင် ပေါက်ကွဲမှု ဖြစ်ပွားရာ ဒေသခံလူထု ၄၁ ဦး သေဆုံးခဲ့ကြောင်း တအာင်းတပ်က ထုတ်ပြန်ထားပါတယ်။
ဒေသခံ ၁၅၄ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပြီး နေအိမ်နဲ့ အဆောက်အဦး ၆၈၀ ပျက်စီးသွားတာကြောင့် ဆေးဝါးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အကူအညီ လိုအပ်နေဆဲ ဖြစ်ပါတယ်။
ပြန်လည်ထူထောင်ရေးအတွက် KIO/KIA က ကျပ်သိန်း ၅၅ဝ၊ “ဝ”တပ်မတော်- UWSA က ကျပ်သိန်း ၁ဝဝ နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP က ဆန်အိတ် ၂ဝ နဲ့ ကျပ်သိန်း ၁ဝဝ၊ ပြည်တွင်းပြည်ပရှိ ဒေသအသီးသီးက တအာင်း၊ ကချင်၊ ရှမ်း၊ တရုတ်၊ ခိုလုံလီရှော၊ ဗမာ စတဲ့လူထုတွေကလည်း ပါဝင်လှူဒါန်းနေကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။