ရွှေဖီမြေ၊ ဇွန်လ ၄ ရက်၊ ကွတ်ခိုင်
ကိုးကန့်တပ် MNDAA ထိန်းချုပ်မှုအောက် ပြန်လည်ရောက်ရှိနေတဲ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်မှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေ များပြားလာပြီး ပစ္စည်းခိုးယူခံရမှုတွေလည်း ခပ်စိတ်စိတ် တွေ့လာရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ကျေးရွာဘက်ပိုင်းမှာ ပိုတွေ့လာရပြီး သုံးစွဲသူတွေအပြင် ရောင်းဝယ်တာတွေလည်း အရင်ကထက် ပိုများလာတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“မူးယစ်ဆေးသုံးတဲ့သူတွေက ဒီနောက်ပိုင်းမှာ သိသိသာသာကို တွေ့လာရတယ်။ ဘိန်းသုံးပြီး တစ်ညလုံး စလော့ဂိမ်းတွေ ဆော့။ ရှုံးလို့ သုံးစရာမရှိတော့ရင် တွေ့တာလိုက်ယူတာပဲ သူတို့က။ ကိုယ့်အိမ်က လမ်းဘေးဆိုတော့ ပိုပြီးတောင် သတိထားရတယ်။ ဘာပစ္စည်းမှ ထားလို့မရဘူး”
မူးယစ်ဆေး သုံးစွဲသူတွေနဲ့ အရောင်းအဝယ် ပြုလုပ်သူတွေကို ကချင်တပ်မတော် (KIA) တပ်ဘက်က ဖမ်းဆီးတာတွေ လုပ်ဆောင်နေပေမဲ့ ငွေနဲ့ ရွေးရင် ပြန်လွှတ်ပေးနေတာ ရှိတယ်လို့ လုံကိန်ရွာခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“အရင်ကဆို TNLA အဖွဲ့တွေ ရွာထဲရှိတော့ သူတို့ စစ်ဆေးတယ်။ သူများလည်း ကြောက်တော့ သိပ်လုပ်ရဲကြဘူး။ အခုက ပိုဆိုးလာတယ်။ KIA တပ်တွေတော့ လိုက်ဖမ်းနေတာတော့ တွေ့တယ်။ ပိုက်ဆံနဲ့ ပြန်ရွေးရင်တော့ ရတယ်။ တော်တော်များများကတော့ ပိုက်ဆံနဲ့ ပြန်ရွေးရတာပါဘဲ”
လက်ရှိမှာ တောင်ယာလုပ်ကိုင်တဲ့ ရာသီဖြစ်တာကြောင့် တောင်ယာသွားရင်း KIA တပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံရတဲ့ ဒေသခံတွေလည်း ရှိနေကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ဆိုပါတယ်။
“အခုတော့ တောင်ယာတွေ လုပ်တဲ့အချိန်ဆိုတော့ ဒေသခံတွေ အသွားအလာများတယ်။ ပြီးတော့ သူတို့ဝတ်တဲ့ အဝတ်အစားတွေလည်း စုတ်ပြတ်ပြဲနေတာ။ KIA ဘက်ကျတော့ အဲလိုတွေ ဝတ်ပြီဆိုရင် သူတို့ဖမ်းပြီ။ စစ်ဆေးမေးမြန်းတာ မရှိဘူး။ တွေ့ရင်တွေ့သလို ဖမ်းသွားတာ။ သူတို့ဖမ်းသွားတဲ့သူတွေ မူးယစ်ဆေး မသုံးတဲ့သူတွေလည်း ပါတယ်။ သုံးတဲ့သူရော မသုံးတဲ့သူတွေပါ ကျနော်သိသလောက်ဆို ပိုက်ဆံနဲ့ ပြန်ရွေးခဲ့ရတဲ့သူတွေမှ အများကြီး။ လေးငါးယောက်ရှိပြီ။ တစ်ယောက်ကို ဆန် တစ်အိတ်၊ ပိုက်ဆံ ၁ သိန်း ပေးပြီးမှ ပြန်ရွေးခိုင်းတာ။ ကျနော်သိသလောက်ပေါ့” လို့ ပြောပါတယ်။
မနေ့ ဇွန်လ ၃ ရက် ညနေပိုင်းမှာလည်း ဟင်းမွန်ရွာက အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား တစ်ဦးကို KIA တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ဆိုပါတယ်။
“မနေ့ ညနေပိုင်းလောက်မှာ ဖမ်းသွားတာ။ သူတို့က အဲအမျိုးသမီးရဲ့ ယောက်ျားကို လာရှာတာ။ မတွေ့လို့တဲ့။ သူ့ကို ဖမ်းခေါ်သွားတာ။ အဲအမျိုးသားတော့ သူသုံးတာတော့ မတွေ့ဘူး။ သူတို့ ဖမ်းခေါ်သွားတာဘဲ။ ဥက္ကဌတွေ လိုက်ရှာသေးတယ်။ မတွေ့သေးဘူး။ သူတို့နှစ်ယောက်ကို ဘယ်ဘက်ကို ခေါ်သွားလည်း မသိဘူး” လို့ ပြောပါတယ်။
အခုလို မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဖမ်းဆီးစစ်ဆေးတာ၊ အပြစ်ပေးအရေးတာတွေကို ဒေသခံတွေ လက်ခံပေမယ့် ငွေနဲ့ ပြန်ရွေးခိုင်းပြီး ပြန်လွှတ်ပေးတာမျိုးတော့ မဖြစ်သင့်ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ကွတ်ခိုင်မြို့ကိုတော့ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်မှာ ကိုးကန့်တပ် MNDAA က မဟာမိတ်တပ်ဖြစ်တဲ့ တအာင်းတပ် TNLA ထံ တိုက်ခိုက်သိမ်းယူခဲ့ပြီး အထူးဒေသ (၁) ထဲ ထည့်သွင်းကာ မြို့ကို အုပ်ချုပ်နေတာလည်း ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။