အလင်း၊ ဇွန်လ ၄ ရက်၊ မင်းတပ်
ချင်းညီနောင် (CB) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ အရပ်သား နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
မကွေးတိုင်း၊ ကျောက်ထုတိုက်နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဆောမြို့နယ်အစပ် မင်းတပ်မြို့နယ်၊ ထင်ချောင်းကျေးရွာထဲကို ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က ဝင်ရောက် စီးနင်းလုယက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီ စစ်ကြောင်း စီးနင်းချိန်မှာ ထင်ချောင်းရွာက အသက် ၁၆ နှစ်အရွယ် ၁၀ တန်းကျောင်းသားဦးနဲ့ အသက် ၆၀ အရွယ် သက်ကြီးတစ်ဦးကို ဖမ်းဆီးပြီး ရွာထိပ်မှာ သတ်ဖြတ်စွန့်ပစ်ခဲ့တာလို့ သိရပါတယ်။
“ရွာထဲ စစ်ကြောင်း ဝင်ရောက်ကတည်းက ဖမ်းဆီးခံရတာပါ။ ဖမ်းဆီးခံရပြီးနောက် သူတို့ကို သတ်ဖြတ်ပြီး ရွာထိပ်မှာ အလောင်းကို စွန့်ပစ်သွားတာဖြစ်ပါတယ်။” လို့ မင်းတပ်မြို့နယ်ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ထင်ချောင်းရွာက လူနေအိမ် ၁၀ လုံးထက်မနည်းလည်း မီးလောင်ပြာကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ မကွေးတိုင်း ကျောက်ထုမြို့နယ် ကံကြီးရွာဘက်ကနေ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ကတည်းက မင်းတပ်မြို့ဘက်ကို စစ်ကြောင်းထိုးနေတာ တစ်ပတ်ခန့် ရှိနေပြီဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကြောင်းဟာ မင်းတပ်မြို့နဲ့ ၁၀ မိုင်ကျော်အကွာ ရောက်လာပြီး ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲဟာ ငါးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်အကျအဆုံးတွေ ရှိနေတယ်လို့ သိရပါတယ်။
“တိုက်ပွဲက နေ့တိုင်းရှိတယ်။ စစ်ကောင်စီက ထိခိုက်သေဆုံးမှု များပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိတယ်။” လို့ ရှေ့တန်းစစ်ရေးသတင်းအရင်မြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီက ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်နေတဲ့အတွက် မင်းတပ်မြို့နယ်က ပြည်သူပေါင်း ၁၇,၀၀၀ ခန့် ဘေးလွတ်ရာ စစ်ဘေးရှောင်နေရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။