အလင်း၊ ဇွန်လ ၃ ရက်၊ မင်းတပ်
ချင်းညီနောင် (CB) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နဲ့ ၁၀ မိုင်ခန့်သာဝေးတဲ့ နေရာမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ကတည်းက မကွေးတိုင်း၊ ကျောက်ထုမြို့ကနေ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေဟာ မင်းတပ်မြို့နဲ့ ၁၀ မိုင်အနီးမှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတာဖြစ်ပါတယ်။
“တိုက်ပွဲက နေ့တိုင်းလိုလို ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲဖြစ်ပွားတဲ့ နေရာက မြို့နဲ့ သိပ်မဝေးတော့ဘူး။ ၁၀ မိုင်လောက်ပဲ ဝေးတော့တယ်။ စစ်တပ်ဘက်က အင်အားအတော်များမယ့် အခြေအနေပါ။ ကျနော့အထင်တော့ တစ်ထောင်ကျော်နိုင်ပါတယ်” လို့ မင်းတပ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများသလို စစ်ကောင်စီရဲ့ လေကြောင်း ပစ်ကူတိုက်ခိုက်ပေးမှုကြောင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော်တချို့ ထိခိုက်ကျဆုံးမှုရှိတယ်လို့ သိရပါတယ်။
မင်းတပ်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မေလ ၃၀ ရက်နေ့မှာ ထင်ချောင်းရွာကိုလည်း မီးရှို့သွားတယ်လို့ သိရပါတယ်။
“မေလ ၃၀ ရက်နေ့မနက်က ရွာကို စစ်ကြောင်းရောက်တယ်။ ညနေပိုင်းမှာ ရွာကို မီးရှို့တယ်။ ရွာမှာလည်း တပ်စွဲထားတယ်။ မနက်မှ ထင်ချောင်းလမ်းခွဲအတိုင်း မင်းတပ်ဘက် စစ်ကြောင်းထိုးတာပါ။” လို့ နောက်ထပ် မင်းတပ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
စစ်ကောင်စီက မင်းတပ်မြို့နယ်ကို စစ်ကြောင်းတွေ ထိုးလာတာနဲ့အတူ ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်တွေကို ဖြတ် ၄ ဖြတ် လုပ်ဆောင်နေတာကြောင့် လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှု ကော်မတီက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။