ရွှေဖီမြေ၊ မေလ ၂၈ ရက်
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS ရဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ အနီးကပ် ပျံသန်းပြီး ခြိမ်းခြောက်ခဲ့ကြောင်း RCSS ရဲ့ ပြန်ကြားရေးဌာန Tai Freedom က ဒီနေ့ မေလ ၂၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မနေ့ မေလ ၂၇ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ရှမ်းတောင် ခိုလမ်မြို့နယ် ဝမ့်နန်းရွာမှာ ရောက်ရှိနေတဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို တိုက်လေယာဉ်နဲ့ ၆ ကြိမ် အနီးကပ် ပျံသန်းပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ဘက်ကတော့ လေယာဉ်ပျံသန်းမှုဟာ လေ့ကျင့်ပျံသန်းမှုဆိုပြီး ပြန်လည် ချေပခဲ့ပေမဲ့ လေ့ကျင့်ပျံသန်းမှုပုံသဏ္ဍာန် လုံးဝ မရှိဘဲ တမင်သက်သက် ခြိမ်းခြောက်မှုကို ပြသတဲ့လုပ်ရပ် ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင် သမ္မတ မင်းအောင်လှိုင်က ရက်(၁၀၀) ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ထားပေမဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ RCSS နဲ့ စစ်ကောင်စီအကြား ရှိထားတဲ့ ယုံကြည်မှုကိုပါ ထိခိုက်ပျက်စီးစေနိုင်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
RCSS ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်- NCA မှာ လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသွားမယ်လို့ မကြာခဏ ထုတ်ဖော်ပြောတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။