ရွှေဖီမြေ၊ မေလ ၂၇ ရက်၊ မြိုင်
မကွေးတိုင်း မြိုင်မြို့နယ် လင်းကတော တပ်စခန်းကနေ ဘေးပတ်ဝန်းကျင်ရွာတွေဘက် စစ်ကြောင်း ထိုးနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၅ ဦး သေဆုံးကြောင်း မြိုင် ပကဖဘက်က ထုတ်ပြန်ပါတယ်။
မနေ့ မေလ ၂၆ ရက်မှာ ဒေသတွင်းကျေးရွာတွေဘက် လိုက်လံ မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်းကို လင်းကတောရွာအဝင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မြိုင် ပကဖ ထုတ်ပြန်ထားတဲ့ ဗီဒီယိုဖိုင်ထဲ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သေဆုံး ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေကို စစ်တပ်ဘက်က လာရောက်ဆွဲယူနေတာ တွေ့ရပါတယ်။
ဒါ့အပြင် မြိုင်မြို့နယ်နဲ့ ဆက်စပ်နေရာတွေမှာ တိုက်ပွဲ ပြင်းထန်လာနိုင်တာကြောင့် လူထုတွေအနေနဲ့ စစ်ရေးသတိ ရှိကြဖို့ မြိုင် ပကဖဘက်က တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၃ ရက်မှာလည်း မြိုင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ သရက်ကန် ပျူစောထီးတပ်စခန်းကို တော်လှန်ရေးတပ်တွေဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စစ်တပ်ဘက်ကတော့ မြိုင်မြို့နယ်ရှိ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။