ပပ၊ မေလ ၂၆ ရက်၊ နောင်ချို
ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ အမျိုးသားတစ်ဦးက မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားကြောင်း ကူညီပေးသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ မေလ ၂၅ ရက် နေ့လယ်မှာ နောင်ချိုမြို့နယ် ကုလားကွဲရွာခံဖြစ်တဲ့ အသက် ၅၄ နှစ်အရွယ် ဦးလွန်းကြွယ်ဆိုသူက တောင်ယာထဲ ကျွဲသွားကျောင်းရင်း မိုင်းနင်းမိတာ ဖြစ်ပါတယ်။
ကူညီပေးသူ အမျိုးသားက “နေ့လယ်ပိုင်းမှာ နင်းမိပြီး ချက်ချင်း ဆေးရုံလာကြတာ။ ဒီမှာက ခဏခဏ နင်းမိတာ။ တောထဲရော၊ ခြံထဲရော၊ အိမ်တွေမှာရော၊ ကျောင်းတွေမှာကအစ အကုန်မိုင်းနင်းနေကြတာ” လို့ ပြောပါတယ်။
နောင်ချိုမြို့နယ်မှာ ဒေသခံတွေ မကြာခဏ မိုင်းနင်းမိနေတာကြောင့် သက်ဆိုင်ရာက မိုင်းရှင်းလင်းရေး အမြန်ဆုံး လုပ်ဆောင်ပေးဖို့လိုသလို ဒေသခံတွေလည်း အသွားအလာ ဂရုစိုက်ကြဖို့ လိုအပ်ကြောင်း သူက ဆိုပါတယ်။
အလားတူ မေလ ၂၄ ရက် ညနေ ၄ နာရီခွဲကလည်း နောင်ချိုမြို့နယ် လုံရုံးရွာနေ အသက် ၅၇ နှစ်အရွယ် ဦးအိုက်စောဆိုသူဟာ ခြံရှင်းရင်း မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက်မှာ ဒဏ်ရာရခဲ့ပါတယ်။
တောင်ခမ်းတိုက်ပွဲပြီးချိန်ကနေ ဒီနေ့ မေလ ၂၆ ရက်အထိ နောင်ချိုမြို့နယ်မှာ မိုင်းနင်းမိသူ ၅၄ ဦးရှိကြောင်း ပရဟိတအသင်းတစ်ခုရဲ့ အချက်အလက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။