ပပ၊ မေလ ၂၅ ရက်၊ မိုင်းဖြတ်
ရှမ်းအရှေ့ မိုင်းဖြတ်မြို့နယ်မှာ ပြိုကျလာတဲ့ ကျောက်တုံး ထိတာကြောင့် ကားသမား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ကြောင်း ဖြစ်စဉ်သိရှိတဲ့ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ မေလ ၂၄ ရက် ညပိုင်းမှာ မိုင်းဖြတ်မြို့နယ် တာကျောက်ရွာအနီးမှာ ကားနားပြီး ရေဖြည့်နေတဲ့ ကားသမားနဲ့ ယာဉ်နောက်လိုက်သူ အပေါ်ကို ကမ်းပါးပြိုကျကာ ကျောက်တုံးလိမ့်ကျခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်ကိုသိရသူ အမျိုးသားက “အဲနေရာမှာ ခရီးသည်ကားတွေ မကြာခဏ ရပ်ကြလေ့ရှိတယ်။ ဒီတလောက မိုးတအားရွာတော့ မြေက ပျော့ပြီး ကမ်းကပြိုကျလာတာ” လို့ ပြောပါတယ်။
၎င်းအမျိုးသား ၂ ဦးဟာ အသက် ၃၀ ဝန်းကျင်ရှိသူတွေဖြစ်ပြီး ကျောက်တုံးထိလို့ ခြေထောက်နဲ့ ရင်ဘတ်တွေမှာ ပြင်းထန်ဒဏ်ရာနဲ့ပဲ ယာဉ်မောင်းဖြစ်သူအမျိုးသားက သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ မိုင်းဖြတ်ဆေးရုံပို့ချိန် လမ်းတစ်ဝက်မှာ သေဆုံးသွားခဲ့တာလို့ သူက ဆိုပါတယ်။
ဒီဖြစ်စဥ်မျိုး ထပ်မဖြစ်စေဖို့ ၎င်းနေရာမှာ ကားသမားနဲ့ ခရီးသည်တွေ မရပ်နားဖို့ မေတ္တာရပ်ခံချင်ကြောင်း အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။
အဲဒီနေရာမှာ ပြီးခဲ့တဲ့နှစ်ကလည်း ကားသမားတယောက် ကားပေါ်ကနေ လမ်းဆင်းကြည့်နေချိန် ကမ်းပါးပေါ်က ကွာကျလာတဲ့ ကျောက်ပြားထိတာကြောင့် ခန္ဓာကိုယ်နှစ်ခြမ်းကွဲပြီး သေဆုံးခဲ့ဖူးကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။