ရှမ်းမြောက် လားရှိုးမြို့ရှိ ဒေါက်တာ အရှင်ဝိဇယသာရကျောင်းမှာ ကိုရင် ဝတ်နေတဲ့ နမ့်ဆန်မြို့နယ် အောက်ပန်တောင်းရွာက ကိုရင် ၂ ပါး ၃ လ ကြာတဲ့အထိ ပျောက်ဆုံးနေကြောင်း ဖခင်ဖြစ်သူရဲ့ ပြောပြချက်အရ သိရပါတယ်။
မိဘဖြစ်သူတွေက ကိုရင်လေးနှစ်ပါးနဲ့ အဆက်အသွယ် မရတာ ကြာပြီဖြစ်တာကြောင့် ၎င်းတို့နေထိုင်တဲ့ လားရှိုးမြို့ ရပ်ကွက် ၁၀၊ နယ်မြေ ၉ ရှိ ဒေါက်တာ အရှင်ဝိဇယသာကျောင်းသို့ မေလ ၉ ရက်က သွားရောက်မေးမြန်းချိန် ပျောက်ဆုံးနေကြောင်း ကျောင်းထိုင်ဆရာတော်ဆီကနေ သိရတာလို့ ဆိုပါတယ်။
ဖခင်ဖြစ်သူက “စစပျောက်ကတည်းက သူတို့လည်း ကျနော်တို့ကို မပြောလာဘူး။ ကျနော်တို့လည်း မမေးမိဘူး” လို့ ပြောပါတယ်။
ပျောက်ဆုံးသူ ကိုရင်နှစ်ပါးဟာ အသက် ၁၄ နှစ်အရွယ် မိုင်းစံငြိမ်းနဲ့ ၁၀ နှစ်အရွယ် မိုင်းအောင်ချမ်းသာတို့ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လကတည်းက ထွက်ပြေးသွားတယ်လို့ ကျောင်းထိုင်ဘုန်းကြီးရဲ့ ပြောပြချက်ကို ဖခင်က ပြန်ပြောပြပါတယ်။
ကိုရင်လေးနှစ်ပါးကို တွေ့မိသူတွေအနေနဲ့ ရွှေဖီမြေကနေတဆင့် မိသားစုထံ ဆက်သွယ်အကြောင်းကြားပေးဖို့ကိုလည်း ဖခင်ဖြစ်သူက တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ မေလ ပထမအပတ်ကလည်း လားရှိုးမြို့ပြင်က ကျေးရွာတချို့မှာ MNDAA က သင်္ဃန်း ခြုံထားတဲ့ ကိုရင်တွေကို လူဝတ် လဲစေပြီး စစ်မှုထမ်းခိုင်းတာရှိကြောင်း ဒေသခံတွေက ပြောဆိုပေမဲ့ ရွှေဖီမြေကတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။