သုတ၊ မေလ ၁၅ ရက်၊ မူဆယ်
ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ် ကြူကုတ်ပန်ဆိုင်းမြို့မှာ ကိုးကန့်တပ်- MNDAA က စစ်မှုထမ်း ခေါ်ယူနေပြီး စစ်မှုမထမ်းတဲ့ နေအိမ်တွေကို ချိတ်ပိတ်မယ်လို့ ပြောဆိုထားကြောင်း မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
၁၈ နှစ်ပြည့်ပြီး အမျိုးသားအမျိုးသမီး ရှိတဲ့သူတိုင်း တစ်အိမ်တစ်ဦး စစ်မှုထမ်းရမယ်လို့ ပြောဆိုထားပြီး အသက်မပြည့်သေးတဲ့သူတွေကိုလည်း စစ်မှုထမ်း ခေါ်ယူနေကြောင်း ပန်ဆိုင်းမြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဒီမှာက စစ်မှုထမ်း ဆက်တိုက် ခေါ်နေတာပဲ။ MNDAA က စစ်မှုထမ်း ၃ ခါ ခေါ်လို့ မသွားရင် နေအိမ် ချိတ်ပိတ်သွားတယ်။ ပန်ဆိုင်းမှာက အသက်မပြည့်သေးတဲ့ ကလေးတွေလည်း သွားရတာပဲ”
MNDAA က ကိုးကန့်လူမျိုးအပြင် ၎င်းတို့ထိန်းချုပ်ဒေသမှာရှိတဲ့ လူမျိုးစုတိုင်းကို စစ်မှုထမ်းဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ပန်ဆိုင်းအပြင် ကိုးကန့်တပ်ဟာ ၎င်းတို့ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် မုံးစီး၊ မုံးဟွမ်ဒေသမှာလည်း စစ်မှုထမ်းဖို့ ခေါ်ယူနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
စစ်မှုထမ်း ခေါ်ယူရမှာ မသွားတဲ့ နေအိမ်တွေကို ရွာအပြင် နှင်ထုတ်တာနဲ့ စစ်မှုမထမ်းလိုသူတွေအနေနဲ့ မိသားစုလိုက် ၎င်းတို့ ထိန်းချုပ်ဒေသ ထွက်ခွာသွားကြဖို့ သတိပေးတာတွေလည်း ရှိနေပါတယ်။
ကိုးကန့်တပ်ဟာ လောက်ကိုင်၊ ကုန်းကြမ်း၊ ချင်းရွှေဟော်၊ သိန္နီ၊ ကွမ်းလုံ၊ တာမိုးညဲ၊ ပန်ဆိုင်းနဲ့ ကွတ်ခိုင်မြို့ကို ထိန်းချုပ်ထားသလို တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းနဲ့ နမ္မတူမြို့နယ်စပ်အထိ နယ်မြေ ချဲ့ထွင်လာနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။