အလင်း၊ မေလ ၁၅ ရက်၊ ဟားခါး
ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ ၂၆၆)ရဲ့ တပ်ရင်းဗျူဟာမှူး ဦးဆောင်တဲ့စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံးကာ ဗျူဟာမှူးနဲ့ အရာရှိအပါအဝင် အများစု ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖလမ်းမြို့ကနေ အင်အား ၅၀၀ ခန့်နဲ့ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြိုဆိုဖို့ ဟားခါးမြို့ရှိ ခလရ ၂၆၆ မှ ဗျူဟာမှူး လိုက်ပါလာတဲ့အဖွဲ့က မနေ့ မေလ ၁၄ ရက်မှာ စစ်ကြောင်း ထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။
ထွက်ခွာလာတဲ့ မနေ့မနက် ၁၀ နာရီ ၂၀ မိနစ်ခန့်မှာ ဟားခါးမြို့ ၆ လမ်းဆုံအနီး CDF-Hakha နဲ့ ချင်းပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ လက်နက်ကြီး အသုံးပြုကာ အလစ်အငိုက် တိုက်ခိုက်ခဲ့ပါတယ်။
“ဟားခါးမြို့ကနေ ထွက်လာတဲ့ စစ်ကြောင်းကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မှုများလို့ သူတို့ ရှေ့ဆက်မတိုးနိုင်ဘဲ မြို့ထဲကို ပြန်ဆုတ်သွားရတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုများပြီး ဗျူဟာမှူး ဦးဆောင်တဲ့ စစ်ကြောင်းဟာ ဟားခါးမြို့အတွင်း စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားခဲ့ရကြောင်း သူက ဆက်ပြောပါတယ်။
ပြင်းထန်ဒဏ်ရာ ရရှိခဲ့တဲ့ ခလရ ၂၆၆ ဗျူဟာမှူးနဲ့ အရာရှိတွေကို ဒီနေ့ မေလ ၁၅ ရက် မနက်ပိုင်းမှာ စစ်တပ်က ရဟတ်ယာဉ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ဘက် ဆေးကုသဖို့ အရေးပေါ် ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
“လက်နက်ကြီးကျည်တွေ ပစ်တုန်းက ဗျူဟာမှူး၊ အရာရှိကြီး ၄ ယောက် ထိတယ်။ ပြင်းထန်ဒဏ်ရာ ရတယ်လို့ ကြားတယ်။ ဒီမနက် ကလေးမြို့ကို ဆေးကုဖို့ ရဟတ်ယာဉ်နဲ့ အရေးပေါ် ပို့ဆောင်ထားရတယ်” လို့ အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိ ဟားခါးမြို့အတွင်း စစ်တပ်က အင်အားအပြည့်နဲ့ လုံခြုံရေး တင်းကြပ်ထားပြီး လမ်းသွားလမ်းလာသူတွေကိုလည်း စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။