ဆုမွန်၊ မေလ ၁၄ ရက်၊ နောင်ချို
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့မှာ မိုင်းကို ပေါက်မိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ဒေသခံအမျိုးသားတစ်ဦး လက်တစ်ဖက် ဖြတ်လိုက်ရတယ်လို့ မိသားစုဝင်ဆီက သိရပါတယ်။
နောင်ချိုမြို့ ပါဟတ်ရပ်ကွက်က အသက် ၁၉ နှစ်အရွယ် ထက်ကိုအောင်ဆိုသူဟာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်က ၎င်းရဲ့နေအိမ်မှာ ထင်းခွဲရာကနေ မိုင်းပေါက်မိပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
“သူပုဆိန်နဲ့ ထင်းခွဲတာ။ ထင်းတုံးအောက်မှာ မိုင်း ရှိနေတာ ကျနော်တို့လည်း မသိဘူး။ စစ်ဖြစ်တဲ့အချိန်ကတည်းက ကျနော်တို့လည်း ပြေးနေရတာဆိုတော့ အိမ်မှာ မရှိဘူးလေ။ ထင်းတုံး ချတဲ့အချိန်မှာတော့ အဲမိုင်း မပေါက်ကွဲဘူး။ ပုဆိန်နဲ့ ခွဲတဲ့အချိန်မှ ပေါက်ကွဲမှုဖြစ်တာ။ သူ့လက်နှစ်ဖက် ထိတယ်။ တစ်ဖက်ကိုတော့ ဖြတ်လိုက်ရတယ်။ ခြေထောက်လည်း ထိသွားတယ်” လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
မိုင်း ပေါက်ကွဲမှုကြောင့် လက်တစ်ဖက် ဖြတ်လိုက်ရတဲ့ ထက်ကိုအောင်ဟာ လက်ရှိမှာတော့ ပြင်ဦးလွင် ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်ကလည်း နောင်ချိုမြို့နယ် ညောင်တောကျေးရွာအုပ်စု ယာပြင်ရွာနေ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ၇၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ၎င်းတို့ အိမ်ခြံအတွင်း သန့်ရှင်းရေး လုပ်ရာကနေ မိုင်းပေါက်မိပြီး ပေါက်ကွဲခဲ့ဖူးပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ကလေး ၂ ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့ပြီး ကလေး ၆ ဦးအပါအဝင် ၂၇ ဦးက ဒဏ်ရာ ရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။