ရွှေဖီမြေ၊ မေလ ၁၂ ရက်၊ ကျောက်မဲ
ရှမ်းမြောက် ကျောက်မဲမြို့ကို တအာင်းတပ်မတော် – TNLA ထိန်းချုပ်စဉ် ရပ်ကွက် – ၆ အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ခဲ့တဲ့ ဦးလှမိုးဆိုသူကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။
ဦးလှမိုးကို စစ်ကောင်စီတပ်က ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလထဲမှာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့တာဖြစ်တယ်လို့ ဦးလှမိုးနဲ့ နီးစပ်သူ ကျောက်မဲမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ကျောက်မဲတရားရုံးက အမိန့်ချတာ မဟုတ်ဘူး။ အမိန့်ချပြီးမှပဲ အမိန့်စာကို လာပေးတာ။ နှစ် ၂၀ တဲ့။ TNLA ထိန်းချုပ်တုန်းက အုပ်ချုပ်ရေးမှူးလုပ်တော့ ဖမ်းခံရတာ။ ပြီးတော့ NLD နဲ့ နီးစပ်မှုရှိတော့ ထောင်ဒဏ်ပိုချခံရတဲ့ သဘောပေါ့” လို့ ဆိုပါတယ်။
ဦးလှမိုးဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံရဖူးပေမယ့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး နောက်တစ်ကြိမ် ပြန်လည်အဖမ်းခံရပြီးနောက် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့တာဖြစ်တယ်လို့ ၎င်းက ဆက်ပြောပြပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ TNLA ထိန်းချုပ်စဉ် အုပ်ချုပ်ရေးမှူးတွေ လုပ်ခဲ့တဲ့ ရပ်ကွက် – ၁၊ ရပ်ကွက် – ၆ နဲ့ ရပ်ကွက် – ၉ အုပ်ချုပ်ရေးမှူးတွေကိုလည်း ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်ချမှတ်ခဲ့ပြီလို့ သိရပေမယ့် အသေးစိတ်ကို ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် ကျောက်မဲမြို့မှာ TNLA နဲ့ တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်မှုရှိဆိုပြီး နေအိမ်ဆယ်နဲ့ချီကိုလည်း စစ်ကောင်စီဘက်က ချိတ်ပိတ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သီပေါမြို့မှာလည်း TNLA ထိန်းချုပ်စဉ်က အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူ အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၇ နှစ်နဲ့ တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။
တအာင်းတပ် ထိန်းချုပ်ခဲ့တဲ့ ကျောက်မဲနဲ့ သီပေါမြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလထဲမှာ စစ်ကောင်စီဘက်က ပြန်လည်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။