ရွှေဖီမြေ၊ မေလ ၁၂ ရက်၊ ကွတ်ခိုင်
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာက အသက် ၁၈ နှစ်အရွယ် လွေးအေကျမ်အွမ် ဆိုသူဟာ ရက် ၂၀ ကျော်ကြာ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတယ်လို့ ၎င်းရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။
လွေးအေကျမ်အွမ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်က ၎င်းတို့ရဲ့ မိုင်းယုလေးကျေးရွာရှိ နေအိမ်ကနေ ထွက်သွားခဲ့တာဖြစ်ပြီး ဒီနေ့ မေလ ၁၂ ရက်အထိ မိသားစုဝင်တွေက အဆက်အသွယ် မရဘူးလို့ သူမရဲ့ မိခင်က ပြောပါတယ်။
“သူဘယ်သွားမယ်ဆိုတာမျိုးလည်း ပြောမသွားဘူး။ အဆက်အသွယ်လည်း မရဘူး။ သူဘက်ကလည်း ဆက်သွယ်မလာဘူး။ သူရဲ့ မောင်နှမတွေစီလည်း ဆက်သွယ်မလာဘူး။ သူတစ်ယောက်ထဲထွက်သွားတာ။ သူအရင်တုန်းက မိုင်းလားမှာ အလုပ်လုပ်တာ။ သူ့အလုပ်အတူတူလုပ်ခဲ့တဲ့ သူ့သူငယ်ချင်းတွေကိုလည်း ဆက်သွယ်ကြည့်တယ်။ သူရောက်မလာဘူးတဲ့”
မိသားစုဝင်တွေက စိတ်ပူနေတာကြောင့် လွေးအေကျမ်အွမ် ကို တွေ့ရှိသူတွေ အနေနဲ့ ဆက်သွယ်အကြောင်းကြားပေးဖို့ တောင်းဆိုထားပါတယ်။
လက်ရှိ ရှမ်းမြောက်မှာ လူပျောက်ဆုံးမှုတွေ မကြာခဏဖြစ်ပွါးနေပြီး ခိုးမှု၊ဓားပြတိုက်မှုနဲ့ပြန်ပေးဆွဲမှုတွေ မကြာခဏဖြစ်ပွါးနေတာကြောင့် ဒေသခံတွေအနေနဲ့ သတိထားသွားလာကြဖို့ တိုက်တွန်းနေကြတာတွေလည်း ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။