ရွှေဖီမြေ၊ မေလ ၆ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့မှာ လေပြင်း တိုက်ခတ်မှုကြောင့် လမ်းတွေပေါ် သစ်ပင် လဲကျပြီး နေအိမ်တချို့ ပျက်စီးတာနဲ့ မီးတိုင်တွေ ကျိုးကျပျက်စီးခဲ့တယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ မေလ ၆ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်ကစပြီး လားရှိုးမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး လေပြင်း တိုက်ခတ်တာကြောင့် ရပ်ကွက် ၁ နဲ့ ၈ မှာ ပျက်စီးမှု များတယ်လို့ ဆိုပါတယ်။
“အပင်ကြီးတွေ အကုန် ကျိုးတယ်။ ကြေညာဆိုင်းဘုတ်တွေလည်း အကုန် ပြုတ်ကျတယ်။ ကားတွေ ပိမိတာ ရှိတယ်။ လူအထိအခိုက်တော့ မကြားမိဘူး” လို့ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လမ်းပိတ်ဆို့မှု မဖြစ်အောင် လမ်းမပေါ် လဲကျတဲ့ သစ်ပင်တွေကို မြို့ခံတွေ ရှင်းလင်းနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ရှမ်းမြောက်အပါအဝင် နိုင်ငံတဝန်းမှာ မိုး ဆက်လက် ရွာသွန်းနိုင်ပြီး မိုးကြီးတာနဲ့ လေပြင်း တိုက်ခတ်တာတွေ ဖြစ်လာနိုင်တာကြောင့် ကြိုတင်သတိထားကြဖို့ ဒီနေ့ မေလ ၆ ရက်မှာ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။