ရွှေဖီမြေ၊ ဧပြီ ၂၈ ရက်၊ တာချီလိတ်
ရှမ်းအရှေ့ တာချီလိတ်မြို့မှာ လေပြင်းတိုက်ခတ်တာနဲ့ မိုးရွာသွန်းမှုတွေကြောင့် နေအိမ်တချို့ ပျက်စီးတာရှိခဲ့ကြောင်း မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ ဧပြီ ၂၇ ရက် ည ၇ နာရီ ဝန်းကျင်မှာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် တာချီလိတ်မြို့နယ် ပုန်းထွန် ရပ်ကွက်၊ နမ္မလင်းရွာ၊ ဆွတ်ဆိုင်ရွာ၊ အမှတ် ၁ ချစ်ကြည်ရေးတံတားအနီး၊ ပါလျှံ (၂) ဝေဠုဝန်ကျောင်းလမ်း စတဲ့နေရာတွေမှာ သစ်ပင်လှဲတာနဲ့ သစ်ကိုင်းကျိုးကျတာတွေကြောင့် လူနေအိမ်တွေရဲ့ အမိုးအကာတွေ ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားက “မနေ့က မိုးတအားကြီးသလို လေလည်း တအားကြမ်းလို့ အိမ်အမိုးတွေ တော်တော်ပျက်တယ်။ တချို့နေရာက ပစ္စည်းတွေဆို ရေထဲမျောပါတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
ထိခိုက်ပျက်စီးတဲ့ နေရာတွေမှာ တာချီလိတ်ရှိ တာဝန်ရှိသူတွေနဲ့ ပရဟိတအသင်းတွေက သွားရောက် ကူညီရှင်းလင်းပေးခဲ့ကြောင်း သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်ကလည်း လေပြင်းတိုက်ခတ်ခဲ့တာကြောင့် မြို့တွင်းရှိ နေအိမ်နဲ့ အများသုံး အဆောက်အဦးအပြင် စေတီပုထိုးတွေလည်း ပျက်စီးခဲ့ပါတယ်။
အလားတူ ရှမ်းအရှေ့ ကျိုင်းတုံ၊ မိုင်းဖြတ်နဲ့ မိုင်းဆတ်မြို့မှာလည်း လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးတာတွေရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။