ရွှေဖီမြေ၊ ဧပြီ ၂၈ ရက်
ကိုးကန့်တပ် – MNDAA အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့နဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ ဝိသေသလက္ခဏာတွေကို မဖျက်ဆီးဖို့အပါအဝင် အချက် ၈ ချက်ပါတဲ့ ထုတ်ပြန်ချက်တစ်စောင်ကို တအာင်းအရပ်ဖက်အဖွဲ့အစည်းကွန်ရက် TCSN က ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ကို ဒီနေ့ ဧပြီလ ၂၈ ရက် ညနေပိုင်းမှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး တအာင်းတပ် – TNLA ထိန်းချုပ်တဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့ကို ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်မှာ ကိုးကန့်တပ် – MNDAA အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးသွားတဲ့ ကလေးသူငယ်တွေအပါအဝင် ဒေသခံတွေအတွက် တာဝန်ယူဖို့ TCSN က တောင်းဆိုထားတာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတွေကတော့ အသက် ၅ နှစ်အရွယ် လွေးအီမိုခမ်း၊ အသက် ၆ နှစ်အရွယ် လွေးအီဝင်း၊ အသက် ၂၄ နှစ်အရွယ် မိုင်းထွန်းလှ၊ အသက် ၃၇ နှစ်အရွယ် တားနိုင်ကိန်၊ အသက် ၄၈ နှစ်အရွယ် ယာလွေး၊ အသက် ၅၃ နှစ်အရွယ် ယာမာခင်အေးနဲ့ နမ့်ဖက်ကာရှိ ကိုနိုင်ထွန်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒရုန်းဗုံးသီးတွေကြောင့် ကျေးရွာထဲရှိ ဘာသာရေးအဆောက်အဦးတွေလည်း အများအပြားပျက်ဆီးခဲ့ရပြီး ကလေးအပါအဝင် ရွာခံ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသလို တိုက်ပွဲဖြစ်ပွားချိန်အတွင်း တအာင်းဒေသခံတွေရဲ့ နေအိမ်ဝင်နောက်တာတွေ၊ ဒေသခံတွေကို ဖမ်းဆီးတာတွေလည်း MNDAA လုပ်ဆောင်ခဲ့တယ်လို့ ဆိုထားပါတယ်။
တိုက်ပွဲပြီးဆုံးသွားပြီးနောက် MNDAA ဟာ တအာင်းကျေးရွာ ၁၅ ရွာထက်မနည်းက ရွာအဝင်ဆိုင်းဘုတ်တွေကို အဖြူရောင်ဆေးချယ်ပြီး တအာင်းတမျိုးသားလုံး တန်ဖိုးထား မြတ်နိုးတဲ့ စာပေနဲ့ အလံကို ဖျက်ဆီးကာ တရုတ်စာအဖြစ် ပြောင်းလဲလိုက်တာဖြစ်ပါတယ်။
ဒါကြောင့် ၎င်းကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့၊ ဒေသခံလူထုတွေအပေါ် ကျူးလွန်တဲ့ MNDAA တပ်သားတွေနဲ့ အရာရှိတွေကိုလည်း ထိထိရောက်ရောက် အရေးယူဖို့နဲ့ ဖျက်ဆီးသွားတဲ့ တအာင်းကျေးရွာဆိုင်းဘုတ်တွေကို မူလအတိုင်း ပြန်လည်ပြင်ဆင်ပေးဖို့ TCSN က တောင်းဆိုလိုက်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။