ရွှေဖီမြေ၊ ဧပြီ ၂၆ ရက်၊ နမ္မတူ
တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့ပေါ်မှာ တစ်သောင်းတန် ငွေစက္ကူအတုတွေ သုံးစွဲတာရှိနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဆိုင်ရှင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ငွေစက္ကူအတုတွေကို တခြား တစ်သောင်းတန် ငွေစက္ကူအစစ်တွေကြား ရောသုံးပြီး စျေးလာဝယ်တာတွေရှိနေတဲ့အတွက် တခြားသူတွေ မကြုံရအောင် ငွေပေးချေတဲ့အခါ သေချာစီစစ်ဖို့ သတိပေးလိုတယ်လို့ ဆိုပါတယ်။
“ပိုက်ဆံရောသုံးတော့ သေချာမကြည့်မိဘူး။ နောက်မှကြည့်မိတော့ ပိုက်ဆံတစ်သောင်းတန် တစ်ရွက်က အတုဖြစ်နေတာ။ အဲဒီကြောင့် မကြုံရအောင် သတိပေးချင်တယ်” လို့ ကိုယ်တိုင်ကြုံခဲ့တဲ့ နမ္မတူမြို့ခံ ဆိုင်ရှင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် တိုင်းပြည် စီးပွားရေးအကျပ်အတည်း ဖြစ်ပေါ်လာတာနဲ့အမျှ ငွေစက္ကူအတု အရောင်းအဝယ် ပြုလုပ်နေကြောင်း လူမှုကွန်ယက်မှာ တင်ထားတာတွေကို မကြာခဏ တွေ့နေရပါတယ်။
ဒါ့အပြင် ငွေစက္ကူအတုတွေကို ဆယ်သိန်းကို ငွေအစစ် တစ်သိန်းဖိုးနဲ့ လဲနိုင်ပြီး သက်ဆိုင်ရာမြို့တွေကို ကားဂိတ်ကနေ ပို့ဆောင်ပေးမယ်ဆိုတဲ့ ဝန်ဆောင်မှုတွေ၊ ကြော်ငြာတွေကိုလည်း လူမှုကွန်ယက်တွေမှာ တွေ့နေရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။