ရွှေဖီမြေ၊ ဧပြီ ၂၄ ရက်
တအာင်းတပ် – TNLA၊ အာရက္ခတပ်တော် – AA အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ် – PDF တပ်ဖွဲ့ဝင် ၅၀၀ ကျော် အလင်းဝင်လာတယ်လို့ စစ်ကောင်စီဘက်က ဒီနေ့ ဧပြီ ၂၄ ရက်မှာ ဝါဒဖြန့်ရေးသား ဖော်ပြနေကြပါတယ်။
အလင်းဝင်လာတဲ့သူတွေကို ဒီနေ့မနက်ပိုင်းမှာ စစ်တပ်ရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ကြိုဆိုတဲ့ အခမ်းအနား ပြုလုပ်ခဲ့ပြီး စစ်ကောင်စီရဲ့ တိုင်းမှူးနဲ့ အရာရှိတချို့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ အလင်းဝင်လာတဲ့သူတွေထဲမှာ TNLA၊ AA၊ မန္တလေး PDF၊ မိုးကုတ် PDF အပါအဝင် အဖွဲ့ပေါင်း ၅၀ ကျော်က အလင်းဝင်လာသူ ၅၁၇ ဦးရှိပြီး မတ်လ ၂၀ ရက်ကနေ ဧပြီ ၂၄ ရက်အထိ အလင်းဝင်လာတဲ့သူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ PDF တပ်ဖွဲ့ဝင်တွေကို အလင်းဝင်ဖို့ မကြာခဏ စည်းရုံးမှုတွေ ပြုလုပ်နေပြီး စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် သမ္မတဖြစ်ပြီးနောက်မှာလည်း PDF တပ်ဖွဲ့ဝင်တွေကို ရက် (၁၀၀) အတွင်း အလင်းဝင်ဖို့ဆိုပြီး ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ PDF တွေ အလင်းဝင်လာတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ ဝါဒဖြန့်ဖို့ သက်သက်သာ ဖြစ်တယ်လို့ တုံ့ပြန်ကြပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်မှာလည်း မန္တလေးတိုင်းမှာ PDF တပ်ဖွဲ့ဝင် ၅၀၀ ကျော် အလင်းဝင်လာကြောင်း စစ်ကောင်စီဘက်မှ ဝါဒဖြန့် ထုတ်ပြန်ခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။