ပို့လဘား၊ ဧပြီ ၂၄ ရက်၊ တန့်ယန်း
ရှမ်းမြောက် တန့်ယန်းမြို့နယ်မှာ အမျိုးသားတစ်ဦးက ငါးမိုင်းခွဲခဲ့ရာကနေ လက်ထဲမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တန့်ယန်းမြို့နယ် ကောင်းဆန်းကျေးရွာအုပ်စု မန်နားကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ငါးမိုင်းခွဲရာကနေ မိုင်းပေါက်ကွဲသွားခဲ့တာ ဖြစ်ပါတယ်။
မိသားစုဝင်တစ်ဦးက “သူက ငါးဖမ်းဖို့ မိုင်းသွားခွဲခဲ့တာ။ အဲမိုင်းကို သူမပစ်ရသေးပဲနဲ့ မီးရှို့လိုက်တော့ သူ့ရဲ့လက်ထဲမှာပဲ ပေါက်ကွဲသွားတာ။ လက်နှစ်ဖက်စလုံးပြတ်သွားတယ်။ ရင်ဘတ်တွေမှာလည်း အများကြီးထိသွားတယ်။ သူ့မျက်လုံးလဲ မမြင်ရတော့ဘူး”လို့ ပြောပါတယ်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ အမျိုးသားဟာ အသက် ၄၁ နှစ်အရွယ်ရှိတဲ့ စိုင်းအိုက်လူ ဆိုသူဖြစ်ပြီး လက်ရှိမှာတော့ လားရှိုးပြည်သူ့ဆေးရုံမှာ ဆေးကုသခံယူနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ငါးမိုင်းခွဲတဲ့ လက်လုပ်မိုင်းတွေဟာ အန္တရာယ်များတာကြောင့် အသုံးမပြုကြဖို့ ကျွမ်းကျင်သူတွေ ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။