ဧပြီ ၁၈၊ လားရှိုး
တရုတ်နိုင်ငံဟာ သူတို့နိုင်ငံကနေ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်ဆက်သွယ်နိုင်မယ့် ပိုးလမ်းမ ရထားလမ်းစီမံကိန်း(BRI)ကို လာမယ့် မေလထဲမှာ စတင်တော့မှာဖြစ်ပြီး စစ်ကောင်စီထိန်းချုပ်တဲ့ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ထဲမှာလည်း တရုတ်က စစ်ကောင်စီအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ တရုတ်အရေးလေ့လာတဲ့ ရှမ်းမြောက်နိုင်ငံရေးသမားတစ်ဦးက ပြောပါတယ်။
တရုတ်က တည်ဆောက်မယ့် ကူမင်း-မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းဟာ အခု ၂၀၂၆ခုနှစ်မှာ အဓိကထား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်က စစ်ကောင်စီအပါအဝင် “ဝ”တပ်ဖွဲ့၊ ကိုးကန့်တပ်နဲ့ရှမ်းပြည်တိုးတက်ရေးပါတီတို့နဲ့ ရမခထဲမှာ တွေ့ဆုံခဲ့တယ်လို့ သတင်းအရင်းမြစ်က ဆိုထားပြီး ရွှေဖီမြေက အတည်မပြုနိုင်သေးပါဘူး။
“သင်္ကြန်အကြိုနေ့မှာ တွေ့တာပါ။ အဓိကကတော့ BRI ကိစ္စပါပဲ။ ဘယ်သူက ရှမ်းမြောက်မှာ တာဝန်ယူမယ်။ ဘယ်သူက လုံခြုံရေးတာဝန်ယူမယ်ဆိုတဲ့ ကိစ္စကို အဓိက ဆွေးနွေးကြတဲ့သဘော။ ဒီ ၁လ ၂လကတော့ လှုပ်လှုပ်ရှားရှားဖြစ်မယ်ထင်တယ်”လို့ ဆိုပါတယ်။
ကူမင်း-ကျောက်ဖြူ ရထားလမ်းစီမံကိန်းဟာ စုစုပေါင်းအရှည်အားဖြင့် ၁၅၀၀ကီလိုမီတာခန့်ရှည်လျားပြီး အဲစီမံကိန်းမှာ တံတားက ၁၂၄စင်း၊ ဂူ ၆၀၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၁ခုပါဝင်မှာဖြစ်ပြီး ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၈.၉ဘီလီယံခန့်ကုန်ကျမယ်လို့ တရုတ်ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
လက်ရှိ စီမံကိန်းပြီးစီးရင် တရုတ်နိုင်ငံက ကုန်ပစ္စည်းတွေဟာ အိန္ဒိယသမုဒ္ဒရာထဲကို ရောက်ရှိနိုင်ဖို့ ခရီးလမ်းကြောင်း ၆၀ရာခိုင်နှုန်း လျှော့ချနိုင်မှာဖြစ်ပြီး ကုန်ကျစားရိတ်ကိုလည်း ၄၀ရာခိုင်နှုန်းထိ လျှော့ချနိုင်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။