အလင်း၊ ဧပြီ ၁၀ ရက်၊ တီးတိန်
ချင်းပြည်နယ် တီးတိန်မြို့နယ် တီးတိန်-ကလေး ကားလမ်းပေါ်ရှိ သိုင်းငင်းရွာမှာ တပ်စွဲထားတဲ့ စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ဗိုလ်ကြီးတစ်ဦးနဲ့ ရဲဘော်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
ဖြစ်စဉ်မှာ အရာရှိဖြစ်သူ ဗိုလ်ကြီးက အခြားတပ်ရင်း စစ်ကြောင်းတစ်ခုမှ ရဲဘော်တစ်ဦးအပေါ် မတရား ဖိနှိပ်ခိုင်းစေမှု ပြုလုပ်ရာမှ အခြေအနေ တင်းမာပြီးနောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်ဦးစလုံး သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
“ရဲဘော်တစ်ယောက်ကို ဗိုလ်ကြီးက ဖိနှိပ်ခိုင်းရာကနေ ပစ်ခတ်မှုဖြစ်တာလို့ ကြားတယ်။ နှစ်ယောက်စလုံးက တပ်ရင်း၊ စစ်ကြောင်း မတူဘူး ပြောတယ်။ အဲမှာ တခြားတပ်ရင်း၊ စစ်ကြောင်းက အရာရှိက အဲလောက်ခိုင်းရမလားဆိုပြီး အစတော့ နှစ်ယောက် (စကား)များကြတယ်။ နောက်ဆုံး ပစ်ခတ်မှုအထိ ဖြစ်သွားတာလို့ သိရတယ်” လို့ တီးတိန်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
သေဆုံးသူတွေဟာ စစ်ကိုင်းတိုင်း ကလေးမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခလရ(၈၉) တပ်ရင်းမှ ဗိုလ်ကြီး အောင်မင်းဦးနဲ့ ကလေးမြို့အခြေစိုက် BE တပ်မှ ရဲဘော် မဲလုံးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူနှစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး အောင်မင်းဦးဟာ တပ်တွင်း ရဲဘော်တွေကို ဖိနှိပ်မှုနဲ့ ကလေးမြို့ခံ လူထုတွေကို မတရား ဖမ်းဆီးစစ်ဆေးမှုနဲ့ နာမည်ဆိုးထွက်သူဖြစ်ပြီး ရဲဘော် မဲလုံးဟာ ၎င်းတို့တပ်ရင်းမှာ တိုက်ခိုက်ရေး ကောင်းမွန်တာကြောင့် အရာရှိတွေက မြှောက်စားထားသူ ဖြစ်တယ်လို့ သိရပါတယ်။
“အခုသေသွားတဲ့ ဗိုလ်ကြီးက ပြည်သူတွေ မတရား ဖမ်းဆီးစစ်ဆေးရာမှာ အလွန်ယုတ်မာတာ။ တပ်ထဲမှာလည်း ရဲဘော်တွေကို မတရား ဖိနှိပ်တယ်လို့ ကြားတယ်။ မိန်းမကလည်း ရှုပ်တယ်။ မိန်းမတောင် နှစ်ယောက်ရှိတယ်လို့ သိရတယ်။ ဗိုလ်ကြီးကို ပစ်သတ်သွားတဲ့ ရဲဘော်က သူတို့ BE တပ်ထဲမှာ တပ်ရင်းမှူး၊ အရာရှိတွေက တိုက်ခိုက်ရေး ကောင်းတယ်ဆိုပြီး မြှောက်စားထားတာ။ လူကလည်း မြှောက်ကြွားမြှောက်ကြွားနဲ့ပါ” လို့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းတွေကို မနေ့ ဧပြီ ၉ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ကလေးမြို့ ခလရ ၂၂၈ တပ်ရင်းဝင်းအတွင်း သဂြိုဟ်လိုက်ပြီလို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။