ရွှေဖီမြေ၊ ဧပြီ ၉ ရက်၊ ပုလေ
ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ထားဝယ်ခရိုင် လယ်မူလား (ပုလေ)မြို့နယ် ပလောက်ကျေးရွာအုပ်စု ပြည်ခြားရွာထဲ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၃ လုံး မီးလောင်ခဲ့ပြီး ဒေသခံ ၂ ဦး မီးလောင်သေဆုံခဲ့တယ်လို့ KNU က ဒီနေ့ ဧပြီ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၇ ရက် မနက် ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီရဲ့ အမြှောက်တပ်ရင်း(၂၈၀)ကနေ ပြည်ခြားရွာထဲ လက်နက်ကြီး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မီးလောင်သေဆုံးသွားခဲ့တဲ့ ဒေသခံ ၂ ဦးရဲ့ အချက်အလက် အသေးစိတ်ကိုတော့ ဖော်ပြထားတာ မရှိပါဘူး။
အလားတူ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်မှာလည်း ဆောထိမြို့နယ် ညောင်ပင်ကြီးရွာသစ်ကို စစ်တပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ ပေါင် ၂၀၀ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် စောမင်းသူ ထိမှန်သေဆုံးခဲ့ပြီး အသက် ၃၀ အရွယ် မောင်သောင်တာနဲ့ စောမောရေထူး၊ ၂၅ နှစ်အရွယ် စောဒဲလေးတို့ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မတ်လ ၃၀ ရက်မှာလည်း တောင်ငူ လေတပ်စခန်းကနေ မူးမြို့နယ် အုန်းတောကွင်းထဲ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့ရာ အုန်းတောကွင်းမှ အသက် ၂၃ နှစ်အရွယ် မသင်းမြသူနဲ့ ၄ နှစ်အရွယ် မစန်းသော်တာ တို့ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။