မိုင်းရူပ၊ ဧပြီ ၇ ရက်၊ ကွတ်ခိုင်
မြောက်ပိုင်းမဟာမိတ်အဖွဲ့အချင်းချင်းကြား နယ်မြေအငြင်းပွားမှုတွေ ဖြစ်ပွားနေတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်ထဲကို ကချင်တပ်မတော် – KIO/KIA ရဲ့ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် လာရောက်ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ဒီဧပြီလ ပထမအပတ်မှာ ကွတ်ခိုင်မြို့နယ်ဘက်ကို ရောက်လာခဲ့တာဖြစ်ပြီး KIA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာကိုလည်း ရောက်ရှိလာတာ တွေ့ရတယ်လို့ နမ့်ဖတ်ကာရွာခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“လူထုနဲ့ တွေ့တာ မရှိဘူး။ နမ့်ဖတ်ကာဘက်က KIO အုပ်ချုပ်တာဆိုတော့ သူတို့ရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ တွေ့တယ်။ အသင်းတော်ဆရာတွေနဲ့ တွေ့တာ။ အဲလောက်ပဲ ကြားတယ်” လို့ ဆိုပါတယ်။
ကွတ်ခိုင်မြို့နယ်ထဲကို ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် ရောက်ရှိလာစဉ် တအာင်းတပ် – TNLA၊ ကိုးကန့်တပ် – MNDAA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP တွေ့ဆုံခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး အသေးစိတ်ကို ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
“နမ့်ဖတ်ကာဘက်က ခဏပဲ ဝင်တာကြားတယ်။ ကောင်းခါးဘက်မှာ MNDAA တွေ့တယ်လို့ ကြားတယ်။ အသေးစိတ်တော့ မသိရသေးဘူး” လို့ ကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်မှာ ကွတ်ခိုင်မြို့ကို ထိန်းချုပ်ထားတဲ့ TNLA ကို ကိုးကန့်တပ်ဘက်က တိုက်ခိုက်ခဲ့ပြီး ကွတ်ခိုင်မြို့ကို ထိန်းချုပ်ခဲ့သလို ကွတ်ခိုင်၊ နမ့်ဖတ်ကာနဲ့ ၁၀၅ မိုင်ရှိ တအာင်းတပ်ရဲ့ တပ်စခန်းတွေကို တိုက်ခိုက်ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။
ကွတ်ခိုင်မြို့ရှိ TNLA ရဲ့ တပ်စခန်းတွေ ဖယ်ရှားခံရပြီးနောက် လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်က နမ့်ဖတ်ကာကျေးရွာရှိ KIA ရဲ့ စစ်ဆေးရေးဂိတ်တွေလည်း ဖယ်ရှားပေးခဲ့ရပါတယ်။
ကွတ်ခိုင်မြို့နယ်မှာ မြောက်ပိုင်းမဟာမိတ်တွေအကြား နယ်မြေပြဿနာတွေ ဖြစ်ပွားပြီးနောက် အခုလို KIO ရဲ့ ခေါင်းဆောင်ရဲ့ ခရီးစဉ် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။