ဝတ်မှုံ၊ ဧပြီ ၇၊ ကွတ်ခိုင်
တအာင်းတပ်-TNLAထံကနေ ကိုးကန့်တပ်-MNDAAက တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်က တအာင်းကျေးရွာတွေရဲ့ ရွာအဝင်ဆိုင်းဘုတ်တွေမှာ ရေးထားတဲ့ တအာင်းစာတွေကို ကိုးကန့်တပ် MNDAA က ဆက်လက်ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၄ ရက်က မန်ဘတ်၊ မန်နောင်၊ မန်တုံ၊ မန်ထန်၊ ဟွေခုတ်၊ ဟိုကျန့်၊ တုံဆင်လေး၊ တုံဆင်ကြီး၊ ဟိုနောင်၊ နမ့်လတ်၊ ကုန်ချမ်း၊ လွယ်ကန်၊ လုံကိန်၊ မန်မောဝ်၊ ပန်ကူ၊ နောင်ခွန် စတဲ့ကျေးရွာတွေရဲ့ ရွာအဝင်ဆိုင်းဘုတ်မှာ ရေးထားတဲ့ တအာင်းစာတွေကို ကိုးကန့်တပ်သားတွေကိုယ်တိုင် အဖြူရောင်လာချယ်သွားတာလို့ ရွာခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“သုံးယောက်လုံး ဗမာတွေပဲ။ နှစ်ယောက် ကိုးကန့်စစ်သားဝတ်စုံ ဝတ်ထားတယ်။ တစ်ယောက်က အရပ်ဝတ်နဲ့ပဲ။ သူတို့ပုံးထဲ ဆေးတွေထည့်လာပြီး လာဖျက်သွားတာ။ သူတို့ တအာင်းအလံပုံစံတွေ ဖျက်ဖို့ပြောကတည်းက ကျမတို့ ဖျက်ထားတာပဲလေ။ အစည်းအဝေးမှာ သူတို့ရဲ့ တိုက်နယ်မှူးက တအာင်းစာရေးလို့ ရတယ်ပြောလို့ ကျမတို့က စာတွေချန်ထားတာလေ။ အခု သူတို့ စာတွေအကုန် လာဖျက်သွားတယ်။ အကုန်အဖြူရောင်လာသုတ်သွားတယ်”
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်မှာ တအာင်းကျေးရွာတချို့ကို ကိုးကန့်တပ်က အစည်းအဝေးခေါ်ပြီး တအာင်းကျေးရွာက စာသင်ကျောင်းတွေမှာ တအာင်းအလံမထောင်ဖို့ နဲ့ ရွာအဝင်ဆိုင်းဘုတ်တွေကို တအာင်းအလံပုံစံဆေးမချယ်ဖို့ပြောခဲ့ပြီးနောက် ရွာခံတွေက တအာင်းအလံပုံစံကို ဖျက်ပစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ကိုးကန့်တပ်က တအာင်းစာတွေကိုပါ လိုက်ဖျက်နေတာလို့ ဒေသခံတွေက ပြောကြပါတယ်။
“အရင်က စာလုံးတွေနဲ့ရေးထားတာ။ အဲစာလုံးတွေကို ထုဖျက်ပြီးဆေးချယ်ထားတာ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အဲရွာဆိုင်းဘုတ်တွေ လိုက်လံဖျက်ဆီးရာမှာ အခြားတိုင်းရင်းသားတွေရဲ့ ရွာအဝင်ဆိုင်းဘုတ်ကို ဖျက်ဆီးခြင်းမရှိဘဲ တအာင်းရွာတွေရဲ့ ဆိုင်းဘုတ်ကိုပဲ သီးသန့်ဖျက်ဆီးသွားခဲ့တာ ဖြစ်ပါတယ်။
ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် လမ်းစဉ်ကို ဆက်လက်ကိုင်စွဲသွားမှာဖြစ်ပြီး တိုင်းရင်းသားအားလုံးကို ခွဲခြားဆက်ဆံမှာမဟုတ်ပဲ တန်းတူညီမျှရေးကို အလေးထားသွားမယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ထားပေမယ့် မြေပြင်မှာတော့ တအာင်းကျေးရွာတွေကိုပဲ လိုက်ဖျက်ဆီးနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။