ရွှေဖီမြေ၊ မတ်လ ၂၉ ရက်
ရှမ်းမြောက် တန့်ယန်းမြို့နယ်က ကလေးငယ်တစ်ဦးဟာ နာတာရှည် အဖျားကြီးရောဂါဖြစ်နေပေမဲ့ ဆေးဝါးကုသဖို့ ငွေကြေးမတတ်နိုင်တာကြောင့် ဒေသရိုးရာကုထုံးနဲ့သာ ကုနေပေမဲ့ မသက်သာတဲ့အပြင် ရောဂါပိုဆိုးရွားလာတာကြောင့် အကူအညီ လိုအပ်နေကြောင်း ကူညီပေးနေတဲ့ အမျိုးသမီးရဲ့ပြောပြချက်အရ သိရပါတယ်။
တန့်ယန်းမြို့နယ် မန်ကောင်းမှုအုပ်စု နောင်ချိုကျေးရွာနေ အသက် ၃ နှစ်ကျော်အရွယ် လွေးထွေးဟာ အဖျားကြီးရောဂါကို လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက စတင်ခံစားခဲ့ရပေမဲ့ မိသားစုတွေက အလွန်ဆင်းရဲတာကြောင့် ဆေးကုသမှုတွေ မလုပ်နိုင်ခဲ့ဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
“သူတို့က တအားဆင်းရဲတာ။ စားစရာလည်းမရှိ နေစရာလည်းမရှိကြဘူး။ အဲကလေးက အဲလိုဖျားနေတာတောင် ဆေးမကုနိုင်ဘူးတဲ့။ တစ်ရက်ကို ၇ ခါလောက် အဖျားကတက်လာရင် သေမလိုဘဲ။ ရွာက ဗေဒင် ဆရာတွေနဲ့ဘဲကုတာ။ ဆေးရွက်တွေဘာတွေဘဲ သောက်ကြတာ” လို့ ပြောပါတယ်။
၎င်းမိသားစုဟာ တအာင်းလူမျိုးတွေဖြစ်ပြီး နေအိမ်လည်း မီးလောင်ထားတာကြောင့် ရွာထဲက ဆွေမျိုးတွေရဲ့နေအိမ်မှာသာ နေထိုင်ကြရပြီးတော့ စားသောက်ဖို့အတွက်လည်း ရွာခံတွေကသာ ပေးထားနေကြရကြောင်း သူကဆိုပါတယ်။
အလားတူ တန့်ယန်းနဲ့မိုင်းယော်စတဲ့မြို့နယ်က မြို့နဲ့အလှန်းဝေးတဲ့ တောင်ပေါ်ဒေသခံတွေဟာ အသိပညာ ဗဟုသုတနည်းပါးလွန်းတာကြောင့်နဲ့ ငွေကြေးမတတ်နိုင်တာကြောင့် ကျန်းမာရေးကိစ္စတစ်ခုခုဖြစ်ပါက ဆေးရုံဆေးခန်းသို့ မသွားကြဘဲ ဗေဒင်ပညာကိုသာ အားကိုးယုံကြည်ပြီး ဒေသတွင်းကုသနည်းနဲ့သာ ကုသကြကြောင်း ကူညီပေးသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းလွန်းတာကြောင့် ဒေသခံအများစုက အနာကြီးရောဂါနဲ့ ရေကျောက်ရောဂါတွေကို ခံစားနေကြရတာကို တွေ့နေရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။