ရွှေဖီမြေ၊ မတ်လ ၂၈ ရက်၊ ကွတ်ခိုင်
ကချင်တပ်မတော်- KIA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ တအာင်းတပ်- TNLA ရဲ့ ရဲစခန်းအနီးရှိ တအာင်းလူမျိုးရဲ့ နေအိမ်တွေကို ကိုးကန့်တပ်က ပြန်လည်နေထိုင်ခွင့် မပေးသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
နမ့်ဖတ်ကာရှိ TNLA ရဲ့ ရဲစခန်းကို ကိုးကန့်တပ် သိမ်းပြီးနောက် ရဲစခန်းအနီးဝန်းကျင်က တအာင်းလူမျိုးရဲ့ နေအိမ် ၈ အိမ်ဝန်းကျင်ကို ကိုးကန့်တပ်က ပိတ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိလည်း ဒေသခံတွေကို နေထိုင်ခွင့် မပြုသေးဘူးလို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“အဲအနီးနားမှာတော့ သူတို့လာမနေခိုင်းသေးဘူး။ အထက်ကို တင်ပြရအုံးမယ်တဲ့။ ကားရှိတဲ့သူတွေကတော့ သူတို့ကားတွေ ယူလို့ရသွားပြီ။ တခြားတော့ ဘာမှမရှိတော့ဘူးလေ။ သူတို့(MNDAA)က အကုန်ရှင်းပစ်လိုက်ပြီ။ အိမ်ရှင်တွေ ပြန်လာနေရဖို့ကြတော့ သူတို့(MNDAA)ရဲ့ အထက်လူကြီးကို တင်ပြရအုံးမယ်တဲ့”
နေအိမ် ၈ အိမ်ထဲက ၃ အိမ်ဟာ ကျည်ဆံ၊ TNLA ရဲ့ ရပ်ရွာလုံခြုံရေးဝတ်စုံတစ်စုံနဲ့ ကျားဖြန့် ပစ္စည်းတွေ တွေ့ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်အားလုံးကို ကိုးကန့်တပ်က ပိတ်ခဲ့တယ်လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။
“တခြားအိမ်တွေမှာတော့ မတွေ့ဘူး။ ၂ အိမ်ပဲ တွေ့တာ။ တစ်အိမ်ကကျတော့ ကျားဖြန့် ပစ္စည်းတွေ တွေ့တာတဲ့။ နောက်တစ်အိမ်က ကျည်ဆံတဲ့။ အိမ်မှာနေတဲ့သူ မရှိတော့ ရဲတွေက သူတို့ရဲ့ကျည်ဆံတွေ သွားထားတာလား မသိဘူး။ အဲဒီကျားဖြန့်ပစ္စည်းတွေလည်း ရဲတွေ သိမ်းဆည်းမိတဲ့ဟာ။ အဲဒီကျားဖြန့်ပစ္စည်းတွေက တရုတ်လူမျိုးတစ်ယောက် ကွတ်ခိုင်ဘက်ကနေ သယ်လာတာ။ နမ့်ဖတ်ကာကို ဖြတ်ဖို့လုပ်တဲ့အချိန်မှာ TNLA ရဲတွေက မိသွားတာ။ လူကော ပစ္စည်းကော မိတယ်။ လူကကျတော့ တိုက်ပွဲဖြစ်တော့ တိုက်ပွဲဖြစ်တုန်းက ထွက်ပြေးသွားတာ”
လက်ရှိမှာ ဒေသခံတွေက နီးစပ်ရာ ဆွေမျိုးတွေဆီမှာ နေထိုင်နေရပြီး ၎င်းတို့ရဲ့နေအိမ်မှာ ဘယ်အချိန် ပြန်လည် နေထိုင်ခွင့်ပြုမလဲဆိုတာကိုတော့ ကိုးကန့်တပ်ဘက်က ပြောဆိုထားတာ မရှိသေးဘူးလို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။