မိုင်းပန်ပျော်၊ မတ်လ ၂၈ ရက်၊ သိန္နီ
ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ပန်ဆိုင်း(ကြူကုတ်)မှာ အလုပ်သွားလုပ်နေတဲ့ သိန္နီမြို့နယ်က လူငယ်တစ်ဦးကို လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားပြီး သိန်း ၄၅၀ ပေးမှ ပြန်လွှတ်ပေးမယ်လို့ မိသားစုဝင်ဆီ ပြောဆိုခဲ့တယ်လို့ နီးစပ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။
ပြန်ပေးဆွဲခံရသူက အသက် ၂၅ နှစ်အရွယ် မောင်ကျောခေဖြစ်ပြီး သိန္နီမြို့နယ် မိုင်းပါးကျေးရွာအနီး ကောင်းခါးရွာမှာ နေထိုင်သူ ဖြစ်ပါတယ်။
မောင်ကျောခေက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလက ပန်ဆိုင်း(ကြူကုတ်)မှာရှိတဲ့ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ဖို့ သွားခဲ့တာဖြစ်ပြီး မတ်လ ၁ ရက်မှာ လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
ပြန်ပေးဆွဲခံရပြီးနောက် မတ်လ ၅ ရက်မှာတော့ မောင်ကျောခေက မိသားစုဝင်ဆီ ဆက်သွယ်လာပြီး ငွေ သိန်း ၄၅၀ ပေးရမယ်လို့ ပြောခဲ့ကြောင်း နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့ ၉ လပိုင်းက ဆံပင်ညှပ်ဆိုင်မှာ အလုပ်သွားလုပ်မယ်ဆိုပြီး ကြူကုတ်ပန်ဆိုင်းကို သွားခဲ့တာ။ လားဟူနှစ်သစ်ကူးတုန်းကတော့ သူနဲ့သူ့သူငယ်ချင်း ၅ ရက်လောက် ပြန်လာသေးတယ် အဲနောက် ပြန်သွားတာ။ မတ်လ ၁ ရက်နေ့မှာတော့ ပြန်ပေးဆွဲခံရတာ။ မတ်လ ၅ ရက်နေ့မှာ သူဆက်သွယ်လာပြီး ပိုက်ဆံ သိန်း ၄၅၀ ပေးရမယ်လို့ ပြောတယ်။ မပေးရင် သတ်ပစ်မယ်လို့လည်း ပြောတယ်”
မိသားစုဝင်က မောင်ကျောခေကို ပြန်လွှတ်ပေးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အိမ်မှာရှိတဲ့ပစ္စည်းတွေ ရောင်းပြီး ငွေစုကာ သိန်း ၁၇၀ လောက်ကို လွှဲပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ ငွေလွှဲပြီးနောက် မောင်ကျောခေနဲ့ အဆက်အသွယ် ပြတ်တောက်သွားပြီး ဒီနေ့အထိ သူ့အခြေအနေကို မသိရသေးဘူးလို့ မိသားစုဝင်က ပြောပါတယ်။
“သူက မက်ဆေ့ ပို့လာတာ ပိုက်ဆံပေးရင် မိုင်းယု ၁၀၅ မိုင်မှာ ပြန်လာပို့ပေးမယ်လို့ ပြောတယ်။ အဲဒါကြောင့် အိမ်ကပစ္စည်းတွေ ရောင်းပြီး သိန်း ၁၇၀ လွှဲလိုက်တယ်။ ပြီးတော့ ၁၀၅ မိုင်မှာ ၂ ရက်လောက် သွားစောင့်တယ်။ ဒါပေမဲ့ သူတို့ လာမပို့ဘူး။ အခုဆို အဆက်အသွယ်လည်း မရတော့ဘူး”
မောင်ကျောခေ ဖမ်းဆီးခံရတဲ့အချိန်မှာလည်း တိုက်ပိတ်ခံရပြီး ရိုက်နှက်နှိပ်စက်ခံရကာ လက်သည်းတွေတောင် နှုတ်ခံထားရတယ်လို့ မိသားစုဝင်က ပြောပါတယ်။
လက်ရှိမှာတော့ မောင်ကျောခေနဲ့ အဆက်အသွယ် မရတော့တာကြောင့် မိသားစုဝင်ဘက်က အလွန်စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ပန်ဆိုင်း(ကြူကုတ်)မြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ MNDAA က စစ်ကောင်စီတပ်ဆီကနေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်ထိ အုပ်ချုပ်ရေးယန္တရား ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။